ကချင်ပြည်နယ်က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို မနေ့ကစလို့ KIA နဲ့ မဟာမိတ်တွေ ထိုးစစ်ဆင်နေတဲ့တိုက်ပွဲတွေမှာ ရက္ခိုင့်တပ်တော် AA လည်း ပါဝင်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
KIA က လိုင်ဇာမြို့နားနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းက စစ်ကောင်စီတပ်စခန်းတွေကိုနဲ့ လေယာဉ်ကွင်းစခန်းကို တိုက်ခိုက်တဲ့အချိန်မှာ ရက္ခိုင့်တပ်တော်က မိုးမောက်မြို့နယ်က စစ်ကောင်စီရဲ့ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိုင့် ၂၅၉ လေယာဉ်ကွင်းစခန်းကုန်းနဲ့ ဒေါ့ဖုန်းယန်မြို့နယ်ထဲက စခန်းကို ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ပစ်သလို၊ လေကြောင်းကနေလည်း တစ်ရက်လုံး ပစ်ခတ်တိုက်ခိုက်တဲ့အတွက် လိုင်ဇာမြို့က ဆေးရုံနားကိုရော၊ တရုတ်ပြည်ဘက်ကိုပါ လက်နက်ကြီးတချို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကရော တရုတ်အစိုးရဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။