ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီဘက်က ဖျက်အားပြင်းဗုံးအသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီဟာ ဖေဖော်ဝါရီ (၂၀) ရက်နေ့ နေ့လယ်ပိုင်းမှာ ဂျက်တိုက်လေယာဉ်သုံးပြီး ရမ်းဗြဲမြို့နဲ့ အနီးပတ်ဝန်းကျင်ကို ပေါင် (၅၀၀) ဗုံးလို ဗုံးတွေနဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့ပါတယ်။ အဲဒီဗုံးဟာ အရင်ရက်တွေက ကြဲခဲ့တဲ့ဗုံးတွေနဲ့မတူဘဲ အသံပိုကျယ်လောင်တာ၊ ပေါက်ကွဲအားပိုပြင်းထန်တာ၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့တွေနဲ့ရောသွားတဲ့ မြေမှုန့်တွေဟာလည်း မြေပြင်ကနေ ပေ (၁၀၀) ကျော်အထိ တက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
AA အဖွဲ့ဟာ သုံးလကျော်ကြာ တိုက်ပွဲအတွင်း လက်နက်မချတဲ့ စစ်ကောင်စီရဲ့ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ပြီး ကျန်ရှိနေတဲ့ စခန်းတွေကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
လက်ရှိအချိန်မှာလည်း မင်းပြားမြို့နယ်၊ ကမ်းနီရွာအနီးက စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို ထိုးစစ်ဆင်နေသလို အခြားမြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက တချို့ကိုလည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခုခံစစ်ကလွဲပြီး အခြားရွေးစရာမရှိဘဲ အထိုင်စခန်းတွေကနေ ခုခံကာကွယ်နေရပြီး အင်အားတစ်ရာအောက်ရှိတဲ့ စခန်းတွေကို တစ်ပတ်အတွင်း သိမ်းယူခဲ့သလို တချို့စခန်းတွေကို ရက်ပိုင်းအတွင်း သိမ်းယူနိုင်ခဲ့တယ်လို့ AA က ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ဒေသမှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်မှူးတချို့ကြောင့် လက်အောက်ငယ်သားတွေ အသက်ချမ်းသာရာရခဲ့တာကြောင့် ကျန်ရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ လက်နက်ချဖို့လိုတယ်လို့လည်း AA က ထပ်မံတိုက်တွန်းထားပါတယ်။
ဒါ့အပြင် ရမ်းဗြဲမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်က စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်အပြင် Y-12 ထောက်ပို့လေယာဉ်နဲ့ပါ ဗုံးအလုံး ၁၃၀ ကျော်ကြဲခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရမ်းဗြဲမြို့မှာ ဒီဇင်ဘာလကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၅ ရက်အထိ မြို့တွင်းက နေအိမ်ခြောက်ဆယ်ကျော် မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲစဖြစ်ချိန်ကစလို့ မြို့ပေါ်နေတဲ့ လူဦးရေ တစ်သောင်းကျော် မြို့လုံးကျွတ် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။