ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထိန်းသိမ်းထားတဲ့ သုံ့ပန်း ၂၃ ဦးကို ဒီနေ့ ဇွန်လ ၁၇ ရက်နဲ့ မနေ့က ဇွန်လ ၁၆ ရက်နေ့တွေမှာ အသီးသီးပြန်လွှတ်ပေးလိုက်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက RFA ကို ဒီနေ့ညနေက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၁၇ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ကျေးရွာမှာ သုံ့ပန်း ၁၇ ဦးနဲ့ မနေ့ ဇွန်လ ၁၆ ရက်နေ့က မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာမှာ သုံ့ပန်း ခြောက်ဦး စုစုပေါင်း ၂၃ ဦးကို မြန်မာစစ်တပ် တာဝန်ရှိသူတွေထံကို လွှဲပြောင်းပေးအပ်လိုက်တာလို့ ဆိုပါတယ်။
ဒီနေ့မနက်က ဘူးသီးတောင်မြို့နယ် သိမ်တောင်ပြင်ကျေးရွာမှာ လွှဲပြောင်းပေးလိုက်တဲ့ သုံ့ပန်း ၁၇ ဦးထဲမှာ အသက်ကြီးပြီး ကျန်းမာရေးမကောင်းတဲ့ တပ်ကြပ်နဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူ တပ်မတော်သား သုံးဦးနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာလ ၂၆ ရက်နေ့က စစ်တွေကနေ ဘူးသီးတောင်ကို သွားရောက်တဲ့ ရွှေနဒီ အမြန်ရေယာဉ်ပေါ်ကနေ ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်နဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၁၄ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
မနေ့က မြောက်ဦးမြို့နယ် ကျောက်ကျပ်ရွာကနေ ပြန်လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း ခြောက်ဦးဟာလည်း ကျန်းမာရေးမကောင်းတဲ့ တပ်မတော်သားတွေဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
အဲဒီ ၂၃ ယောက်စလုံးကို မြန်မာစစ်တပ် အရာရှိတွေထံကို ကောင်းကောင်းမွန်မွန်နဲ့ လွှဲပြောင်းပေးအပ် လိုက်တာလို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာ့တပ်မတော်တို့အကြား အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကြောင့် သုံ့ပန်းတွေကို အခုလို ပြန်လွှတ်ပေးလိုက်တာလို့လည်း ရက္ခိုင့်တပ်တော် AA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောပါတယ်။