ရခိုင်ပြည်နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှု ကျူးလွန် နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စစ်ရေးအရ အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်မယ်လို့ ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၁၁ ရက် မနေ့ညပိုင်းမှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းရွာမှာ နိုဝင်ဘာ ၁၁ ရက်နေ့က လူ ကိုးဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့ပြီးနောက် အခုလိုကြေညာချက် ထုတ်ပြန်တာပါ။
အဲဒီကြေညာချက်ထဲမှာ ရခိုင်နဲ့ ပလက်ဝဒေသ တစ်ကျော့ပြန်တိုက်ပွဲအတွင်း မြေပြင် အထိအခိုက် များပြားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူနေထိုင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ စစ်ရဟတ်ယာဉ် တွေ ပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဟာ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သေစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ ရေးသား ထားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဒေသခံတစ်ဦးကတော့ သူတို့ဒေသမှာ နှစ်ဖက်တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ RFA ကိုပြောပါတယ်။
"အခုက စပါးတွေရိတ်ချိန်လည်း ရောက်နေပြီ။ တိုက်ပွဲတွေဖြစ်လာရင် ဘယ်လိုလုပ်မလဲ ဒီအတိုင်းထားခဲ့ရမှာ။ အခုတောင် ရွာမှာမနေရဲလို့ ထွက်ပြေးလာတာ"
AA ကတော့ ဆင်အင်းကြီးရွာဖြစ်စဉ်ဟာ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ပုဏ္ဏားကျွန်းအခြေစိုက် ခြေမြန် တပ်ရင်း ခမရ - ၅၅၀၊ စစ်တွေပါဒလိပ်နဲ့ ကွမ်းတောင်စခန်းတွေကနေ လက်နက်ကြီးတွေ၊ စစ်ရဟတ်ရယာဉ်တွေ ဒရုန်းတွေနဲ့ပစ်ခတ်လို့ ဒေသခံ နှစ်ဦး သေဆုံးခဲ့သလို ငါးဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။
ရက္ခိုင့်တပ်တော် (AA) ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာမျိုး သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။