စစ်ကောင်စီတပ်သား တစ်ရာထက်မနည်း ခိုလှုံလာကြောင်း AA ပြော
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် (AA) ထံ ခိုလှုံ လာတဲ့ စစ်ကောင်စီတပ် အရာရှိတွေနဲ့ တပ်သား တစ်ရာထက်မနည်းရှိကြောင်း AA က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောပါတယ်။
လက်ရှိတိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်းမှာ ပိုများလာတာဖြစ်ပြီး နောက်ထပ်ခိုလှုံဖို့ ဆက် သွယ်လာတဲ့ စစ်ကောင်စီတပ်သားတွေလည်းရှိတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ပြောပါတယ်။
“ပလက်ဝမြို့နယ်ရှိတဲ့ မြန်မာစစ်တပ် စစ်ကြောင်းတွေက လက်နက်တွေနဲ့ ကျနော်တို့ ဆီကို ပူးပေါင်းလာတဲ့ အရာရှိတွေ၊ စစ်သည်တွေကတော့ တစ်ရာထက်မနည်း ရှိပါတယ်။ နောက်ပြီး တခြားမြို့နယ်တွေမှာလည်း လက်နက်ယူပြီး ကျနော်တို့ဆီကို ပူးပေါင်းလာ တာတွေလည်း ရှိပါတယ်။ တိုက်ပွဲမဖြစ်ခင်ကလည်းရှိတယ်။ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပိုပြီးများလာတယ်။ နောက်ပြီး လာဖို့ ကျနော်တို့ဆီကို ဆက်သွယ်တဲ့သူတွေလည်း အများကြီးရှိတယ်။ အရေအတွက်ကတော့ ရာဂဏန်းလောက်ရှိတယ်”
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး အပြန်အလှန် ပိတ်ဆို့မှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
AA ထံ ခိုလှုံလာတယ်ဆိုတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အရေအတွက်အတိအကျနဲ့ အသေးစိတ်ကိုတော့ AA ဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသလို စစ်ကောင်စီကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
AA ရဲ့ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်ပါဘူး။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ စစ်ကောင်စီ တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ပြီး ရသေ့ တောင်၊ မြောက်ဦး၊ တောင်ကုတ်စတဲ့မြို့နယ်တွေနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။