မောင်တောက စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းနှစ်ခုကို AA သိမ်းပိုက်

RFA Burmese
2024.02.16
မောင်တောက စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းနှစ်ခုကို AA သိမ်းပိုက် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၁၆ ခုနှစ်အတွင်းက တွေ့ရစဉ်။
Photo: RFA

Updated : 01:13 AM Feb 17,2024

ရခိုင်ပြည်နယ် မောင်တောမြို့အနီးက ဗောဓိကုန်းနဲ့ နရူလာ စစ်ကောင်စီတပ် နယ်ခြားစောင့်စခန်း နှစ်ခုကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံတွေက RFA ကို ပြောပါတယ်။

ဗောဓိကုန်းနယ်ခြားစောင့်စခန်းဟာ မောင်တောမြို့နဲ့ သုံးမိုင်လောက်သာကွာဝေးပြီး စစ်ကောင်စီတပ်သား အင်အားတစ်ရာကျော်ရှိသလို နရူလာစခန်းကတော့ တပ်သား သုံးဆယ်ကျော်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီစခန်းနှစ်ခုအပြင် လေးမိုင်၊ ကိုင်းကြီးနဲ့ မောရဝတီနယ်ခြားစောင့်စခန်းတွေကိုလည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းကစလို့ ရက္ခိုင့်တပ်တော်(AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီနေ့မှာတော့ နရူလာစခန်းနဲ့ ဗောဓိကုန်စခန်းကို AA ကသိမ်းလိုက်ပြီ။ နောက်ထပ်စခန်းတွေကိုလည်း ဆက်တိုက်နေတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းကရော၊ လက်နက်ကြီးတွေနဲ့ရော ပစ်နေတာ တွေ့တယ်။ မကြာခင်မှာ တခြားစခန်းတွေလည်း AA လက်ထဲကို ရောက်သွားမယ့် အခြေအနေရှိတယ်"

အလားတူပဲ ဘူးသီးတောင်မြို့နယ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) လက်အောက်ခံ ရသေ့တောင်မြို့အခြေစိုက် ခမရ (၅၃၆)၊ (၅၃၇) နဲ့ (၅၃၈) စတဲ့ တပ်ရင်းတွေကိုလည်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကစလို့ ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း စခန်းတွေမကျသွားစေဖို့ ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ ခုခံကာကွယ်နေပြီး အတော်လေးကို တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဗောဓိကုန်း စခန်းကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သိမ်းဆည်းနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဗောဓိကုန်းစခန်းကို ဖေဖော်ဝါရီလ (၁၅) ရက်နေကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခုခံနေတဲ့ကြားက နှစ်ဆယ်လေးနာရီကျော်အကြာမှ သိမ်းယူနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။

ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အလောင်း (၁၄) လောင်းအပါအဝင် လက်နက်ခဲယမ်း အချိုကို သိမ်းဆည်းနိုင်ခဲ့ပြီး အချိန်တိုအတွင်း အထိအခိုက်အနည်းဆုံးနဲ့ စခန်းသိမ်းနိုင်ခဲ့တာလို့လည်း ရေးသားထားပါတယ်။ နရူလာ စခန်းနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရပါဘူး။

ရက္ခိုင့်တပ်တော် (AA) ကတော့ အဲဒီ ဗောဓိကုန်းစခန်းအပြင် မောင်တောမြို့နယ်က တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်လည်း ကြည်း၊ ရေ၊ လေ ပေါင်းပြီး ခုခံကာကွယ်နေသလို ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ညက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားတဲ့ သုံးလအတွင်းမှာ ရခိုင်ပြည်နယ်အတွင်းက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ တောင်ပြိုမြို့နဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့ မြို့ ခုနစ်မြို့ကို သိမ်းပိုက်ထားပြီလို့ AA ကထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။