ရမ်းဗြဲတစ်မြို့လုံးကို AA သိမ်းပိုက်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ တစ်မြို့လုံးကို စစ်ကောင်စီလက်ထဲကနေ သိမ်းပိုက်ရယူလိုက်ပြီလို့ ရက္ခိုင့်တပ်တော် (AA) က မတ်လ ၁၁ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မြို့သိမ်းတိုက်ပွဲကို ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းက စခဲ့တာဖြစ်ပြီး ၈၅ ရက်အကြာမှာ တစ်မြို့လုံး သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ရမ်းဗြဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးကိုလည်း ရှင်းလင်းလိုက်ပြီလို့ AA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရမ်းဗြဲမြို့ကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့သလို၊ မြို့ထဲမှာ ကျန်နေတဲ့ လက်ကျန်မိုင်းတွေကိုလည်း ရှင်းလင်းဖို့လိုသေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မြို့ကိုစွန့်ပြီး ထွက်ပြေးနေတဲ့ ဒေသခံတွေအနေနဲ့ ချက်ချင်းကိုယ့်အိမ်ကိုယ် ပြန်မလာကြဖို့လည်း AA က မေတ္တာရပ်ခံထားပါတယ်။