ရမ်းဗြဲမြို့ကို AA သိမ်းလိုက်ပြီလို့ ဒေသခံတွေပြော

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ သိမ်တောင်ဘုရားတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ရမ်းဗြဲမြို့ကို အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မတ်လ ၇ ရက် ဒီကနေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်သား အယောက်သုံးဆယ်လောက် ဖမ်းဆီးမိခဲ့တယ်လို့ ပြောပါတယ်။

“ဒီကနေ့ ဝင်တိုက်တာပါ။ လက်နက်ချတာ မဟုတ်ပါဘူး။ ဝင်တိုက်တဲ့အချိန်မှာ စစ်ကောင်စီတပ်သား အယောက်သုံးဆယ်လောက် ဖမ်းမိတယ်လို့ သိရပါတယ်။ အဲဒီစခန်းကျသွားပြီဆိုတော့ ရမ်းဗြဲမြို့ကို AA သိမ်းလိုက်ပြီလို့ ပြောလို့ရပါပြီ။ ဒါပေမဲ့ ဒေသခံတွေကတော့ လေယာဉ်နဲ့လာပစ်မှာ နေဗီက လက်နက်ကြီးပစ်မှာကိုတော့ စိုးရိမ်ရပါသေးတယ်”

ဒီသတင်းနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ဖို့အတွက် AA အဖွဲ့ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က မေးမြန်းထားဆဲဖြစ်ပါတယ်။

ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကစလို့ AA အဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စခန်းလက်လွတ်မဆုံးရှုံးဖို့အတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် ခုခံခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ရမ်းဗြဲမြို့ကို လေကြောင်းကတစ်ဆင့် စစ်ကူပေးပို့တဲ့ စစ်ကောင်စီ တပ်သား ၁၂၀ နီးပါးကို AA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေ သိမ်းဆည်းရမိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ရမ်းဗြဲမြို့သတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက် တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသလို ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကိုလည်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) အကြား လေးလနီးပါး တိုက်ပွဲတွေအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ တောင်ပြို၊ ချင်းပြည်နယ် ပလက်ဝမြို့နဲ့ အခု ရမ်းဗြဲမြို့ အပါအဝင် AA က သိမ်းပိုက်လိုက်တဲ့ မြို့ပေါင်း ကိုးမြို့ ရှိသွားပါပြီ။