စစ်ကောင်စီက သတင်းတု၊ သတင်းမှားတွေ လုပ်ကြံဖန်တီးပြီး တိုက်ခိုက်‌နေကြောင်း AA ပြော

RFA Burmese
2023.12.20
စစ်ကောင်စီက သတင်းတု၊ သတင်းမှားတွေ လုပ်ကြံဖန်တီးပြီး တိုက်ခိုက်‌နေကြောင်း AA ပြော စစ်ရေးလေ့ကျင့်နေသည့် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
AA Info desk

(၁၀၂၇) စစ်ဆင်ရေးစတင်ပြီးနောက် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အပါအဝင် အဘက်ဘက်က ကျပ်တည်းနေတဲ့ စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် (AA) ကို သတင်းတု၊ သတင်းမှားတွေ လုပ်ကြံဖန်တီးပြီး တိုက်ခိုက်နေတယ်လို့ (AA) က ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပေါက်တောမြို့နယ် မနော်သီရိရွာကို ဒီဇင်ဘာ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ရွာထဲကိုဝင်ရောက်မီးရှို့ခဲ့သလို အသက် (၅၆) နှစ်အရွယ် ဦးဘထွန်းနဲ့ အသက် (၃၀) အရွယ် ဦးဇော်မတက်တို့ကို ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အဲဒီ အရပ်သားနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ပြီးနောက် မနော်သီရိရွာကိုမီးရှို့ခဲ့တာဟာ (AA) ဖြစ်ကြောင်း အတင်းအဓမ္မပြောဆိုခိုင်းပြီး (AA) ကို အထင်အမြင်လွဲမှားအောင် ပြည်သူတွေနဲ့ ရန်တိုက်တဲ့ သတင်းမျိုး ထုတ်ပြန်နေတာလို့လည်း ရေးသားထားပါတယ်။

အလားတူပဲ စစ်ကောင်စီထုတ်ပြန်နေတဲ့ မူးယစ်ဆေးဝါးဖမ်းမိတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေဟာလည်း ရက္ခိုင့်တပ်တော် (AA) နဲ့ လုံးဝမပတ်သက်ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဒီဇင်ဘာလအစောပိုင်းက ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာဖမ်းမိတဲ့ မူးယစ်ဆေးဝါး ကိစ္စတွေအတွင်း (AA) ရဲ့ ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် တပ်ဖွဲ့ဝင်ခုနစ်ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့တယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ စစ်ကောင်စီပိုင် မြဝတီမီဒီယာကနေ သတင်းထုတ်ပြန်ခဲ့တာပါ။

(AA) ရဲ့ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး (ခ) ဝေသာထွန်းကို ကျယ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိထားတာလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။

ပေါက်တောမြို့နယ် မနော်သီရီရွာကို (AA) က မီးရှို့သွားကြောင်း ဖမ်းဆီးခံထားရတဲ့ ဒေသခံနှစ်ဦး ပြောဆိုမှုကိုလည်း ဒီဇင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေကနေ ထုတ်ပြန်ခဲ့ပါတယ်။

မနော်သီရိရွာခံတွေကတော့ စစ်ကောင်စီတပ်ဟာ စစ်ရေယာဉ်ပေါ်ကနေ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ရွာထဲ၀င်ရောက်ကာ နေအိမ်နှစ်ဆယ်ကျော်ကို မီးရှို့သွားခဲ့တာလို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အရင်တိုက်ပွဲကာလကလည်း စစ်ရေးအရမယှဉ်နိုင်ချိန်မှာ အခုလိုပဲ လုပ်ဆောင်တာတွေ ရှိခဲ့တယ်လို့ (AA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ဒေသကိုလည်း ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားပြီးနောက် ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန်တွေ ပြတ်လပ်ပြီး ပြည်သူတွေကို အငတ်ဘေးဆိုက်အောင် စစ်ကောင်စီတပ်က လုပ်ဆောင်နေတယ်လို့ (AA) က ဆိုထားပါတယ်။

(AA) ရဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။