မြောက်ပိုင်းအဖွဲ့တွေရဲ့လုပ်ရပ် ငြိမ်းချမ်းရေး ထိခိုက်တယ်လို့ NLD ပြော

2019-08-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က နောင်ချိုတိုးဂိတ်အနီး မူးယစ်ဂိတ်ကို ၂ဝ၁၉ သြဂုတ် ၁၅ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့စဉ်
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က နောင်ချိုတိုးဂိတ်အနီး မူးယစ်ဂိတ်ကို ၂ဝ၁၉ သြဂုတ် ၁၅ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့စဉ်
Photo: Myo Thant Aung

ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းနေတဲ့အချိန်မှာ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ငါးခု တိုက်ခိုက်ခဲ့တာဟာ ငြိမ်းချမ်းရေးကို အများကြီး အနှောင့်အယှက်ဖြစ်စေတယ်လို့ NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။

နေပြည်တော်မှာ စည်ပင်ဧည့်ရိပ်သာမှာ လစဉ်ပြုလုပ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီးမှာ ဒေါက်တာမျိုးညွန့်က အဲဒီလို ပြောကြားသွားတာပါ။

သြဂုတ်လ ၁၅ ရက် မနက်ပိုင်းက ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ငါးခု တိုက်ခိုက်ခံ ရမှုအတွင်း အရပ်သား၊ ရဲနဲ့ တပ်မတော်ဘက်က ၁၅ ဦး ကျဆုံးပြီး နောက်ထပ် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် သိန်းပေါင်း ၂၈၀၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလိုတိုက်ခိုက်ခံခဲ့ရတာဟာ ဒေသခံလူထုထံက သတင်းအချက်အလက်ရရှိမှု နည်းပါးတယ်ဆိုတဲ့ သဘောကိုလည်း တွေ့ရတယ်လို့ ဒေါက်တာမျိုးညွန့်က သုံးသပ်ပါတယ်။ တဆက်တည်းမှာပဲ ဒီလိုထိခိုက်သေဆုံးရသူတွေဟာ နိုင်ငံသားတွေပဲဖြစ်တဲ့အတွက် နိုင်ငံ့အတွက် နစ်နာဆုံးရှုံးမှုပဲဖြစ်ပါတယ်လို့ ပြောပါတယ်။

ဒီနေ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ချက်တချို့ချခဲ့ပြီး အဲဒီအထဲမှာ NLD ဗဟိုသုတေသန အဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ပါတီက တာဝန်ပေးမထားတဲ့ လုပ်ငန်းတွေကို လုပ်ခဲ့လို့ဆိုပြီး ပါတီတာဝန်ကနေ ရပ်ဆိုင်းလိုက်ပါတယ်။ ဦးမျိုးရန်နောင်သိမ်းကို ဘယ်လိုအချက်တွေကြောင့် ပါတီတာဝန် ကနေရပ်ဆိုင်းလိုက်တယ် ဆိုတာကိုတော့ ပါတီအတွင်းရေးကိစ္စတွေ ဖြစ်တဲ့အတွက် ပြောဖို့မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်စိုးက ပါတီတာဝန်ကနေ နုတ်ထွက်ခွင့်တောင်းတာကို အစည်းအဝေးက လက်ခံလိုက်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

တဆက်တည်းမှာပဲ ဇူလိုင်လ ၂၃ ရက်နေ့က မကွေးတိုင်း ရေနံချောင်းမြို့နယ်က မြေနုကျွန်းကိစ္စမှာ ဖရဲကျွန်းကျေး ရွာနဲ့ ကံသာကျေးရွာသားတွေရဲ့ ပဋိပက္ခကြောင့် ဒဏ်ရာနဲ့ ရေနစ်သေဆုံးခဲ့သူတွေ ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာကို ပြည်ထောင်စု အစိုးရကို တင်ပြလိုက်ပြီလို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ မြေနုကျွန်းကိစ္စ ပဋိပက္ခကြောင့် ဖရဲကျွန်းကျေးရွာက ဒေသခံ ၂၈ ယောက်သေဆုံးခဲ့ပြီး ၁၀ ယောက် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့