ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့ပေါ်ဆိပ်ကမ်းမှာ ပစ္စည်းချနေတဲ့ စစ်ကောင်စီတပ်ရဲ့ ကုန်ပစ္စည်းတင် စက်လှေတစ်စီးကို ဒီဇင်ဘာလ ၂၂ ရက် မနေ့နေ့လယ်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) က ယူသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲဒီစက်လှေဟာ စစ်တွေမြို့နယ် ရေချမ်းပြင် ဆိပ်ကမ်းကနေတစ်ဆင့် ဘိလပ်မြေအိတ်တွေနဲ့ သံချောင်းတွေ တင်ဆောင်လာတာဖြစ်ပြီး ရသေ့တောင် မြို့ပေါ်ဆိပ်ကမ်းအရောက်မှာ (AA) က ယူသွားတာလို့ ဆိုပါတယ်။
ဘိလပ်မြေအိတ်တွေနဲ့ သံချောင်းတွေဟာ ရသေ့တောင်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေအတွက် ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်တွေ ရေချမ်းပြင် ဆိပ်ကမ်းကနေ ထွက်လာတဲ့ဘုတ် (စက်လှေ) ပါ။ ပထမတစ်ရက်လာပြီး ပစ္စည်းတွေ တင်လိုက်ပြီ။ နောက်တစ်ခေါက် ပစ္စည်းတွေ တင်လာပြီး ဆိပ်ကမ်းမှာချနေချိန် AA က ယူသွားတာ။ ပစ္စည်းက တစ်ဝက်ပဲ ပါသွားတယ်ထင်တယ်”
အဲဒီစက်လှေ ပြန်တောင်းပေးဖို့ မြို့ခံတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကတစ်ဆင့် စစ်ကောင်စီတပ်ဘက်က ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
တကယ်လို့ ပြန်တောင်းမပေးခဲ့ရင် မြို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာကြောင့် စိုးရိမ်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ခြိမ်းခြောက်မှုတွေ ရှိတယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း အဲဒီစက်လှေကိစ္စအပေါ် တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ရသေ့တောင်မြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲစတင်ခဲ့တဲ့ မြို့နယ်ဖြစ်ပြီး တိုက်ပွဲစဖြစ်ချိန်က ဒုံးပိုက်နဲ့ ချိန်ခါလီ ရွာအနီးမှာရှိတဲ့ ရဲကင်းစခန်း နှစ်ခုကို (AA) က သိမ်းပိုက်ခဲ့ပါတယ်။