၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၇ ရက်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
အသက် ၁၈ နှစ်အောက် သေဆုံးသူ ၂၀ ဦးထဲမှာ မိန်းကလေး လေးဦးနဲ့ ယောကျ်ားလေး ၁၆ ဦးပါဝင်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့က ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဆီအီရွာနဲ့ လွိုင်နန်းဖရွာတွေက စာသင်ကျောင်းတွေကို စစ်ကောင်စီက လေကြောင်းကနေ ဆယ်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒေါဆီအီရွာက မူကြိုကျောင်းနဲ့ အလယ်တန်းစာသင်ကျောင်းနှစ်ကျောင်းပေါ်ကို ဗုံးကျရောက်ပေါက်ကွဲပြီး ကျောင်းတက်နေတဲ့ ခွန်းအယ်လယ်သ၊ ခွန်းအယ်ဒိုထူး၊ ခွန်းစန်းလှိုင်နဲ့ ခွန်းခရစ္စတိုဖာတို့ လေးဦးဟာ ဗုံးစထိမှန်သေဆုံးခဲ့တဲ့အပြင် နောက်ထပ် ကလေးငယ် ၂၇ ဦးလည်း ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ AAPP က ဆိုပါတယ်။
AAPP ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေမှာတော့ ဒီးမော့ဆိုမြို့နယ်ကို လေကြောင်းတိုက်ခိုက်တာမရှိခဲ့ဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာဟာ သတင်းအမှားသာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၅ ရက်နေ့ညက သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ ကောက်ယူထားတဲ့စာရင်းအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူ ၄၅၀၀ ဦး သေဆုံးခဲ့တဲ့အပြင် နောက်ထပ်အတည်ပြုလို့မပြီးသေးတဲ့ သတ်ခံရသူ ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ ပြောထားပါတယ်။