မကွေးတိုင်း မြိုင်မြို့နယ်က လင်းကတောရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၂၂ ရက်မနေ့က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့လို့ အရပ်သား ၃၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်-မုံရွာ ကားလမ်းဘေးက လင်းကတောရွာကို စစ်ကောင်စီတပ်တွေ မနေ့က ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ၂၃ ရက် ဒီမနက်မှာတော့ ရွာအတွင်း နေအိမ် မီးလောင်နေတာကို မြင်ရတယ်လို့ လင်းတောရွာဒေသခံက ပြောပါတယ်။
"လင်းကတောရွာဆိုတာက ရွာကြီးဗျ။ မီးရှို့တာက ဒီမနက်က ရှို့တာ။ ရှို့တဲ့အချိန် ရွာမှာ လူမရှိဘူး။ တစ်ခုခုဖြစ်ပြီဆို ရွာတွေကလည်း ပြေးနေရတာ"
အိမ်ခြေတစ်ထောင်ခန့်ရှိပြီး မီးရှို့ခံရတဲ့ အိမ်အရေအတွက်ကို အတိအကျမသိနိုင်သေးဘူးလို့ သူက ပြောပါတယ်။
အောက်တိုဘာလ ၂၁ ရက်က လင်းကတောရွာအနီးက စစ်ကောင်စီစခန်းကို မြိုင်မြို့နယ် က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မြိုင်မြို့နယ်က အောက်တိုဘာလ ၂၂ ရက် မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မကွေးတိုင်းစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၁ ရက်က ထုတ်ပြန်ချက်အရ မကွေးတိုင်းအတွင်း ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အရပ်သား ၁၀၁,၃၀၀ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။