စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား က PDF အဖွဲ့တွေနဲ့ ပတ်သက်လို့ စက်တင်ဘာလ ၆ ရက်နေ့ကစပြီး အနီးအနားက ရွာတွေ ကို စစ်ကြောင်းထိုးလှုပ်ရှားမှုတွေကြောင့် ကျေးရွာ ရှစ်ရွာက ဒေသခံ ၄၀၀၀ ခန့် ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သနပ်ကုန်း၊ ဇီးကျွန်း၊ ကျောက်တန်း၊ သရက်သာ၊ ဘူးကိုင်း၊ ဆယ်ရွာ၊ ခေါင်းခွဲ နဲ့ သရက် တော စတဲ့ရွာတွေက ထွက်ပြေးနေကြရတာဖြစ်ပြီး နီးစပ်ရာကျေးရွာတွေနဲ့ တောတွေထဲမှာ ထွက်ပြေးခိုလှုံနေကြရတာလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့က ဗိုလ်တောက်ထွန်းက ပြောပါတယ်။
“စစ်တပ်က အခုနေ့ခင်းမှာ စစ်ကြောင်းမထိုးဘဲ ညဘက်တွေထိုးနေတယ်။ ညဆိုတော့ မှောင်တော့ သူတို့ လာတာကို ပြည်သူတွေက မသိရတော့ ဘယ်အချိန်ရောက်လာမလဲ ဆိုပြီး မပြန်ရဲကြဘူး။ ဖမ်းဆီးခံရတာတွေ မရှိသေးပေမယ့် ကြောက်ကြတော့ မပြန်ရဲဘူး။ ညဘက်ကြီး ထွက်ပြေးလာကြရတော့ ဘာမှမသယ်နိုင်ကြဘူး။ တောသူတောင်သား တွေဆိုတော့ ဆန်၊ ဆီ ရှိရင် ဟင်းတစ်ခွက်က စားဖြစ်တော့ ဆန်၊ ဆီနဲ့ ဆေးတွေလိုအပ် နေတယ်။ ရှောင်တယ်ဆိုတာကလည်း စစ်ရှောင်စခန်းလို့လည်း သီးသန့်မရှိတော့ နီးစပ်ရာရွာတွေနဲ့ တောတွေ ထဲရှောင်နေကြရတာ”
မြောင်မြို့နယ်အတွင်းမှာ စစ်ရဟတ်ယာဉ်တွေ နေ့စဉ်ပျံသန်းနေတာ နှစ်ပတ်ခန့်ရှိနေပြီလို့ လည်း သူက ဆိုပါတယ်။
မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာမှာ စစ်ကောင်စီတပ်က စခန်းချထားတာ တစ်နှစ် နီးပါးရှိနေပြီဖြစ်သလို အခုရက်ပိုင်းမှာလည်း လူအင်အားတွေ ထပ်တိုးချထားတာ တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့ကလည်း ကင်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် အသက် ၆၀ အရွယ် ဦးထွန်းလှ ဆိုသူအမျိုးသားတစ်ဦး သတ်ဖြတ် ခံခဲ့ရတယ်လို့လည်း ပြောကြပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
မြောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် မိုင်းဆွဲတိုက်ခိုက်မှုတွေကတော့ ရှိနေဆဲပဲလို့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။