မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတာတွေ ရပ်တန့်ပြီး ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့ ABSDF က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က ABSDF အဖွဲ့ဝင် ရဲဘော် အောင်ဆွေဦး၊ ရဲဘော် မောင်ဦးနဲ့ ဦးမောင်ကိန်း(ခ) သန်းထိုက်အောင်တို့ကို မိုးညှင်းမြို့နယ် အခြေစိုက် ခလရ(၁၅)က ဗိုလ်ကြီး ဦဟစိုးက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖမ်းဆီးပြီး တရားစွဲခဲ့တာဖြစ်ပါတယ်။
ABSDF ကျောင်းသားတပ်မတော်ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့နဲ့အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က ABSDF အဖွဲ့ကို RCSS/ SSA အဖွဲ့နဲ့အတူ မတရားအသင်းကနေ ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါတယ်။
ABSDF ကျောင်းသားတပ်မတော်က အဖွဲ့ဝင်တချို့ဟာ KIA ရဲ့ နယ်မြေထဲမှာ ရှိနေတာကြောင့် အခုလို ဖမ်းဆီးမှုတွေ ရှိလာတာဖြစ်ကြောင်း ရဲလုပ်ငန်းဥပဒေတွေနဲ့သာ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီဇင်ဘာ ၇ ရက်နေ့က သမ္မတရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။