လူ့အခွင့်ရေး လှုပ်ရှားသူတွေ အရေးယူအပြစ်ပေးခံရ


2015-04-03
Share
nawohnhla-305.jpeg ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ခေါင်းဆောင် နော်အုန်းလှကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်နဲ့ ပြည်မြို့က နိုင်ငံရေးလှုပ်ရှားသူ ၃ ဦးကို တရားရုံးအသီးသီးက ထောင်ဒဏ်တွေ မနေ့က ချမှတ်လိုက်ပါတယ်။ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ခေါင်းဆောင် နော်အုန်းလှ၊ ပြည်မြို့က ရှေ့နေ ဦးမြင့်အေးနဲ့ ကိုမျိုးသူထွဋ် တို့ကို ထောင်ဒဏ်လေးလစီ အပြစ်ပေးလိုက်တာပါ။

နော်အုန်းလှကို လက်ပံတောင်းအရေးဆောင်ရွက် တဲ့ ဗကသကျောင်းသူ မဖြူနှင်းထွေး လွတ်မြောက်ရေး အတွက် ပြီးခဲ့တဲ့နှစ်က ဆုတောင်းပွဲပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ခွင့်ပြုချက်မရှိဘဲဆန္ဒပြမှု ပုဒ်မ (၁၈) နဲ့ အပြစ်ပေးခဲ့တာဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကိုပြောပါတယ်။

"ဗဟန်းမြို့နယ် တရားရုံးကနေပြီးတော့ ထောင်ဒဏ် ၄ လချလိုက်တာ၊ ဖြူနှင်းထွေးတို့ ပြန်လွှတ်ပေးရေး ကိစ္စတွေ အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ဆန္ဒပြတဲ့ကိစ္စ"

ဒါ့အပြင် နော်အုန်းလှဟာ ၂၀၀၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆုတောင်းမှု၊ လက်ပံတောင်းဒေသမှာ ကျေးရွာသူ ဒေါ်ခင်ဝင်း အသတ်ခံရတဲ့အတွက် တရုတ်သံရုံးရှေ့ဆန္ဒပြမှုတွေ အပါအဝင် အစိုးရကတရားစွဲထားတဲ့အမှု ၆ ခုလောက်ကို ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

ပြည်မြို့က ရှေ့နေဦးမြင့်အေးနဲ့ ကိုမျိုးသူထွဋ်တို့ နှစ်ဦးကိုတော့ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းမှာ ကျောင်းသားတွေ အကြမ်းဖက်ခံရတာကို အရေးယူပေးဖို့ မနှစ်ကနှစ်ပတ်လည်ကာလမှာ ဆန္ဒပြခဲ့တဲ့ကိစ္စအတွက် ပုဒ်မ ၁၈ နဲ့ ပြည်မြို့နယ်တရားရုံးက မနေ့က ထောင် ၄ လ အပြစ်ပေးလိုက်တဲ့အပြင်  ပြီးခဲ့တဲ့လက ကျောင်းသားသပိတ်ကို အကြမ်းမဖက်ဖို့ တစ်ကိုယ်တော်ဆန္ဒပြခဲ့တဲ့အတွက် ဦးမြင့်အေးကို ဒဏ်ငွေ ၁ သောင်းလည်း ချမှတ်ခံရတယ်လို့ သူတို့ရဲ့မိတ်ဆွေ မဇင်မာဝင်းက ပြောပါတယ်။

ရှေ့နေဦးမြင့်အေးဟာ တရားစွဲခံနေရတဲ့ သပိတ်မှောက်ကျောင်းသားတွေအတွက် လိုက်ပါအကျိုးဆောင်ခွင့် ပါဝါယူထားပေမယ့် အခုလို သူကိုယ်တိုင်ထောင်ဒဏ်အပြစ်ပေးခံလိုက်ရတဲ့အတွက် အကျိုးဆောင်ပေးနိုင်တော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

ဒါ့အပြင် ပြည်မြို့က ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုဝင်းလှိုင်က ပုဒ်မ (၁၈)နဲ့ အမှု ၁ဝ မှု၊ ကိုကျော်ဆွေက ပုဒ်မ (၁၈) နဲ့ ၁၁ မှု ရင်ဆိုင်နေကြရတယ်လို့လည်း သိရပါတယ်။

ဒီအတောအတွင်းမှာပဲ လက်ပံတန်း အကြမ်းဖက်ဖမ်းဆီးမှုနောက်ပိုင်း သာယာဝတီထောင်ကနေ ပြန်လွှတ်ပေးလိုက် တဲ့ ကျောင်းသားတွေထဲက မန္တလေး-ရတနာပုံတက္ကသိုလ် ဗကသဥက္ကဌ ကိုနိုင်ရဲဝေ ကို အမရပူရမြို့နယ်ရဲစခန်းက မနေ့က ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် ပုဒ်မ (၁၈)နဲ့ အမှုဖွင့်ကြောင်း အသိပေးပြီး ပြန်လွှတ်လိုက်တယ်လို့ ကိုနိုင်ရဲဝေ က RFA ကိုပြောပါတယ်။

"၂ လပိုင်းတုန်းကပေါ့ဗျာ၊ ကျနော်တို့ ရတနာပုံတက္ကသိုလ်မှာ ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၈ နဲ့ တရားစွဲဖို့ ရဲစစ်ချက်ယူတာပေ့ါနော်၊ ဒါပေမဲ့ အထက်ကစခန်းကို ဖမ်းဖမ်းလို့ပြောပြီး ဘာအမိန့်စာမှမထုတ်ဘဲနဲ့ မဖမ်းရဲဘူးလို့ပြောတယ်"

လက်ရှိကာလမှာ ခွင့်ပြုချက်မတင်ဘဲဆန္ဒပြလို့ ပုဒ်မ ၁၈ နဲ့ တရားစွဲခံရတဲ့ ကျောင်းသားနဲ့ ပြည်သူ အနည်းဆုံး ၁ ရာကျော်ရှိနေတယ်လို့ သိရပါတယ်။

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ခေါင်းဆောင် နော်အုန်းလှ အရေးယူခံရတာနဲ့ ပတ်သက်ပြီး သူRFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့