ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ နိုဝင်ဘာ ၂ ရက် မနေ့ညက ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ ဒေသခံ သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ပြင်ဖြူမော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းနဲ့ စေတီယျရပ်ကွက်က ဦးထွန်းလှိုင်ဝင်း၊ စေတီတောင် ရပ်ကွက်က ဦးမောင်ထွန်းနဲ့ ဦးဝင်းမောင်တို့ ဖမ်းဆီးခံလိုက်ရတာပါ။
သူတို့ကို ညည့်အချိန်မှာ စစ်ကောင်စီတပ်သားတွေက နေအိမ်ကနေ ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ကို ညဉ့် ၁၀ နာရီလောက်မှာ ဖမ်းသွားတာ။ ထွန်းလှိုင်ဝင်းကို အရင်ဖမ်းတယ်။ ပြီးတော့ တခြားလူတွေကို ထပ်ဖမ်းတာ။ စစ်ကားတွေက နေ့တိုင်း အဲဒီအချိန်ဆို ရပ်ကွက်တွေထဲကို ဝင်စစ်တာရှိတယ်။ သူတို့ မသင်္ကာရင် ဖမ်းတယ်။ အရင်တုန်း ကလည်း အဲဒီလိုပဲ ဖမ်းတာရှိတယ်။ အခု သူတို့လည်း အဲဒီလိုပါသွားတာပေါ့”
သူတို့ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး လက်ရှိမှာတော့ ကျောက်ဖြူမြို့ အမှတ် ခလရ - ၃၄ မှာ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။
ကျောက်ဖြူမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း စေတီယျ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောလှထွန်းကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တယ်လို့လည်း ဒေသခံတွေက RFA ကို ပြောပါတယ်။
လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရတာ ၃၀ ကျော်ရှိပြီး အဲဒီအထဲကလူပေါင်း ၂၀ လောက်ဟာ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ - ၁၇ (၁)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) ပုဒ်မတွေနဲ့ တရားစွဲခံထားရတယ်လို့လည်း ဆိုပါတယ်။
ကျန်တဲ့ လူ ၁၀ ဦးကျော်ကတော့ အခုအချိန်ထိ မိသားစုနဲ့ အဆက်သွယ်မရဘဲ ပျောက်နေတယ်လည်း ဒေသခံတွေက ပြောပါတယ်။
အခုလို ကျောက်ဖြူမြို့နယ်မှာ ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ်ကို RFA က တယ်လီဖုန်းကနေ မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကတော့ အခု စစ်ကောင်စီတပ်က ဖမ်းဆီးနေတာတွေဟာ အရပ်သားတွေသာဖြစ်ပြီး စစ်ကောင်စီတပ် ပြည်သူတွေကို ပစ်မှတ်ထားလုပ်ဆောင်နေတာလို့ ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲကာလ ပြီးခဲ့တဲ့ ဇွန်လကနေ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ အရပ်သား ၂၀၀ ကျော်ရှိပြီး အဲဒီအထဲက ၁၀၀ ကျော်ကတော့ အခုအထိ ဖမ်းဆီးခံထားရတယ်လို့လည်း ရက္ခိုင့်တပ်တော် (AA) က RFA ကို ပြောဆိုထားပါတယ်။