ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ ဖြစ်ပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ လေးဦးကို အောက်တိုဘာ ၈ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မင်းပြားမြို့အနီး ကြပ်စင်တံတားအနီးမှာ အောက်တိုဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အချိန် (၅) မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီး နောက်နေ့မနက် ဥက္ကာပျံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှနဲ့ သူရဲ့အိမ်အနီးက ဒေသခံ သုံးဦးကို နေအိမ်ကနေ ဖမ်းဆီးသွားတာလို့ အဲဒီရပ်ကွက်မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက RFA ကို ပြောပါတယ်။
“မိုးလင်းမှာ စစ်သားတွေက သူ့ရဲ့အိမ်ကနေ ဖမ်းသွားတာပါ။ အဲဒီနေ့ညက တစ်ညလုံး လက်နက်ကြီးပစ်တယ်။ ပြီးတော့ မိုးလင်းခါနီး လာဖမ်းတာ။ ၇ ရက်နေ့ နေ့လယ်က ကျနော်တို့ မင်းပြားနား ကြပ်စင်တံတားနားမှာ တိုက်ပွဲဖြစ်တယ်။ အဲဒီကတည်းက လက်နက်ကြီးပစ်နေတာ။ ကျနော်တို့ သိရတာက သူ့တို့က AA ကို ထောက်ပံ့တယ် AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းတာလို့သိရတယ်”
လက်ရှိမှာတော့ သူတို့ကို စစ်ကောင်စီရဲ့ မင်းပြားမြို့ ခမရ (၃၇၉) တပ်ရင်းမှာ ဖမ်းဆီး ထားပြီး မိသားစုတွေနဲ့လည်း အဆက်အသွယ် မရသေးဘူးလို့ ဆိုပါတယ်။
ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြား တာ မရှိပါဘူး။
နှစ်ဖက်တိုက်ပွဲဖြစ်ပြီးနောက် မင်းပြားမြို့ပေါ် ကျိန်းတောင်ဘုရားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကနေ အနီးအနားပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ တာကြောင့် ဖလောင်းပြင်ရွာမှာ လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲပြီး ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
AA ကတော့ အောက်တိုဘာ ၇ ရက်နေ့မှာ မင်းပြားမြို့နယ် ကြပ်စင်တံထားမှာ စခန်းချ ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
AA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။