စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ဝက်လူးအိုင်ရွာကို မတ်လ ၂၀ ရက် မနေ့ ညနေပိုင်းမှာ ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် သက်ကြီးရွယ်အို အမျိုးသမီတစ်ဦးသေဆုံးပြီး နောက်ထပ်အရပ်သားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝက်လူးအိုင်ရွာထဲကို ဂျက်တိုက်လေယာဉ်ကနေ ဗုံးကိုးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အသက် ၇၅ နှစ်အရွယ် ဒေါ်ရွှေထုပ် သေဆုံးခဲ့ပြီး၊ အသက် ၆၅ နှစ်အရွယ် ဒေါ်တာမ၊ အသက် ၅၀ အရွယ် ဒေါ်ရီချိုနဲ့ အသက် ၆၀ ကျော်အရွယ် ဦးချစ်ဝေတို့ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာ၊ စစ်ကြောင်းထိုးတာတွေ မရှိဘဲ ရပ်ထဲရွာထဲကို ဦးတည်ပစ်ခတ်ခံရတာလို့ အရပ်သားတွေ သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြေပြင်မှာလည်း ဘာမှလုပ်နေတာ မရှိဘူး။ ရွာထဲမှာ ထမင်းချက်တဲ့သူကချက်၊ နွားကျွေးတဲ့သူကကျွေး နေ့စဉ်လုပ်ငန်းတွေပဲ တောသူတောင်သားတွေ လုပ်နေကြတဲ့အချိန်ပေါ့။ မပစ်လောက်ဘူးထင်တာ မြေပြင်မှာ သူတို့ ဘာမှလုပ်ထားတာ မရှိဘူးလေ။ ဘာမှမလုပ်ဘဲနဲ့ကို အကြောင်းမဲ့ ပစ်သွားတာပဲ”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းရဲ့ စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ခရီးထွက်နေတဲ့အတွက် ဒီဖြစ်ရပ်ကို မသိရသေးကြောင်း ပြောပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁,၄၂၉ ဦးသေဆုံးပြီး ၂,၆၄၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။