ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁၀ ရက်နေ့မနေ့ နေ့လယ်ပိုင်းကနေ ဒီနေ့မနက်ပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံတွေကို အဆက်မပြတ် ကြားနေရတယ်လို့ ဆီဆိုင်မြို့မှာ ဒုက္ခသည်တွေကို ကူညီပေးနေသူ အမျိုးသားတစ်ဦးက RFA ကို ပြောပါတယ်။
“လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေတာ ဆီဆိုင်ဘက်ကို။ အခုလည်းပစ်နေတုန်းပဲ ဆိုက်ခေါင်ရွာကနေ ပစ်နေတာ။ လေယာဉ်နဲ့လည်းပစ်တယ် မနေ့က။ ဖုန်းလိုင်းလည်းမရ၊ လမ်းတွေလည်း ပိတ်ထားတော့ ထိခိုက်တဲ့ အခြေအနေတွေကို သတင်းမရသေးဘူး”
(PNLA) ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်ဟာ ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်တွေကို စစ်ကြောင်းထိုးလာတာကြောင့် မနေ့ကမနက်ပိုင်း ၇ နာရီကနေ ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဆီဆိုင်မြို့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ (၁၀၈) ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းကနေတစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဟိုပုံးမြို့နယ်အတွင်းက မဲနယ်တောင်တန်းဒေသမှာလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ (၁၂၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ (PNLA) ဘက်က ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိတဲ့ ပင်လျမ်းရွာကိုလည်း လက်နက်ကြီးနဲ့ အကြိမ် (၂၀) ပစ်ခတ်သလို မီးလောင်ဗုံးတွေနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့မီးလောင်ပျက်စီးခဲ့တယ်လို့ (PNLA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
(PNLA) ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေ ဇန်နဝါရီလ ၂၂ ရက်နေ့ကတည်းက ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေတာပါ။
မတ်လ ၃ ရက်နေ့မှာတော့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက ဆီဆိုင်မြို့အတွင်းပိုင်းအထိ ထိုစစ်ဆင်ဖို့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်တာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်လကျော်ကြာတိုက်ပွဲအတွင်း အရပ်သား ၄၇ ဦးသေဆုံးခဲ့ပြီး ငါးဆယ်ကျော်ဒဏ်ရာရခဲ့သလို တစ်သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။