ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တပ်ဖွဲ့တွေ မတ်လ ၂၁ ရက် ဒီနေ့နေ့လယ်ပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ Y12 လေယာဉ်တွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က တစ်နေကုန်ဖြစ်တယ်။ ဒီနေ့လည်း ဖြစ်နေတယ်ဗျ။ မနေ့ည ၁၀ နာရီမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတာ ဆယ်ကြိမ်ကျော်တယ်။ ဆီဆိုင်မြို့မှာ အခုထိမီးလောင်နေတုန်းပဲ”

စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို ဆိုက်ခေါက်ကျေးရွာကနေ ဆီဆိုင်မြို့ကို လက်နက်ကြီးနဲ့ တစ်နေကုန် ပစ်ခတ်နေတယ်လို့ ဒေသခံက ပြောပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဆီဆိုင်မြို့က နေအိမ်တွေ မီးလောင်ပျက်စီးတာတွေရှိနေပေမယ့် အရေအတွက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဆီဆိုင်မြို့အနီးကို စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံက ပြောပါတယ်။

PNLA ပြောခွင့်ရသူ ခွန်ယိမ်းရံကလည်း ဆီဆိုင်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ပြောပါတယ်။ စစ်ကောင်စီက မြေပြင်ကနေ ထိုးစစ်ဆင်လာသလို၊ လေကြောင်းကနေပါ ဆယ်ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တယ်လို့ ပြောပါတယ်။

“မနေ့က ည ၁၀ နာရီနဲ့ ၁၁ နာရီကြားမှာ သူတို့ Y12 လေယာဉ်နဲ့ ဆီဆိုင်မြို့ကို ဗုံးဆယ်ကြိမ်လာကြဲတယ်။ တစ်ကြိမ်မှာ ဗုံးအလုံးရေ ဆယ်လုံးလောက်ချတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာလည်း ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးလာကြဲတယ်။ သူတို့က ဆီဆိုင်မြို့ကိုရဖို့ အသဲအသန် ထိုးစစ်ဆင်နေတာ”

စစ်ကောင်စီက ဆီဆိုင်မြို့နယ်အခြေစိုက် ခမရ-၄၂၃၊ ခမရ-၄၂၅၊ ခမရ-၄၂၆၊ တပ်မ -၅၅ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေအပြင် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) ကို အသုံးပြုပြီးမြေပြင်ကနေ ထိုးစစ်ဆင်နေပြီး PNLA ပူးပေါင်းအဖွဲ့တွေဘက်ကလည်း အပြင်းအထန်ခုခံနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နဲ့ ပင်လောင်းမြို့နယ်အတွင်းမှာ အခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ကစတင်တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးတဲ့ အရပ်သား ၄၉ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ အယောက် ၆၀ အထိရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် အဲဒီမြို့နယ်တွေက လူဦးရေ တစ်သိန်းကျော်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ အခုလ ၁၈ ရက်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။