ကနီမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကနီမြို့အနီးမှာရှိတဲ့ ရွာနှစ်ရွာကို ဖေဖော်ဝါရီလ ၅ ရက်မနေ့က စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီမြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာက မင်းကုန်းနဲ့ တဇယ်ချောင်းရွာကို Mi - 35 တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီးနဲ့ တစ်ကြိမ်၊ ဂျတ်တိုက်လေယာဉ်နဲ့ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ကနီမြို့မှာ တိုက်ပွဲဖြစ်နေတာကြောင့် အခုလို လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဓိကတော့ ကနီမြို့ကို သိမ်းနေလို့ မြို့ပတ်ပတ်လည် လှည့်ပစ်သွားတာ။ တစ်ဦး သေတယ်။ နောက်ထပ် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရထားတယ်။ နေအိမ်တချို့လည်း ပျက်စီးသွားတယ်”

သေဆုံးသူဟာအသက် ၇၀ အရွယ် ဦးဉာဏ်ပွင့်ဖြစ်ပြီး နောက်ထပ်ဒေသခံနှစ်ဦးကတော့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ကနီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေကို မတ်လ ၂ ရက်နေ့ကစပြီး ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒေသခံ ကာကွယ်ရေးတပ်တွေကတော့ ကနီးမြို့အနီးတစ်ဝိုက်မှာ ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေပေမယ့် အသေးစိပ်ကိုတော့ ပြောလို့မရသေးဘူးလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြေားရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။