ကနီမြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ် လေကြောင်းသုံး တိုက်ခိုက်နေ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင်း ကနီမြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မတ်လ ၇ ရက်နေ့မှာ ပြောပါတယ်။

မြို့တစ်ခုလုံးကို သိမ်းနိုင်ဖို့ ဘုရားကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီ စခန်းတစ်ခုသာ ကျန်တော့တာကြောင့် စစ်ကောင်စီတပ်က လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်နေတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမြတ်ကိုက RFA ကို ပြောပါတယ်။

“တိုက်ပွဲ ဖြစ်နေတုန်းပဲ။ ကျွန်တော်တို့ သိမ်းတာကတော့ တစ်နေရာတော့ ကျန်သေးတယ်။ အကုန်လုံး မပြီးသေးဘူး။ သူတို့ကလည်း ညတစ်နာရီလောက်လည်း လေယာဉ်နဲ့ လာပစ်တယ်။ စကစ တပ်သားက သိပ်မရှိဘူး အားနည်းတယ်။ များတာက ရဲနဲ့ ပျူတွေပဲ များတယ်"

မတ်လ ၆ ရက်နေ့ မနေ့က တစ်ရက်တည်းမှာပဲ မြို့နဲ့ မြို့အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ဂျက်တိုက်လေယာဉ်တွေသုံးပြီး ရှစ်ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကနီမြို့မှာ တိုက်ပွဲတွေစဖြစ်တဲ့ မတ်လ ၂ ရက်နေ့ကနေ မတ်လ ၇ ရက် ဒီနေ့အထိ စစ်ကောင်စီတပ်က လေကြောင်းနဲ့ အကြိမ် ၃၀ ထက်မနည်း တိုက်ခိုက်ခဲ့ပြီး မတ်လ ၄ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ မင်းကုန်းရွာက အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ဒဏ်ရာရတဲ့ သူတွေလည်းရှိသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်၊ သေဆုံးသူတွေရှိပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေလို့ စာရင်းအတိကျကျကို မသိရသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် အမျိုးသမီးတချို့နဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း ၄၀ ဦးခန့်ကို ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကနီမြို့မှာ စစ်ကောင်စီရဲ့ ခလရ (၈၇)၊ (၈၉)၊ (၂၂၂)၊ (၇၇) တပ်ရင်းတွေက လက်အောက်ခံ တပ်သားတွေ၊ ရဲနဲ့ ပျူစောထီး တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၂၀၀ ဝန်းကျင်ရှိနေတယ်လို့ ဆိုပါတယ်။

ကနီမြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံ တစ်သောင်းဝန်ကျင် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။