ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဆွန်တောင်ရွာအနီးကို မတ်လ ၈ ရက်နေ့မနက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တတိယတန်း တက်ရောက်နေတဲ့ အသက်ရှစ်နစ်အရွယ် မလိန်းထန်ရောင်နဲ့ အသက် ၃၅ နှစ်အရွယ် ကိုထန်းခွီးရှိန်တို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ Su - 30 ဂျက်တိုက်လေယာဉ်နဲ့ ရွာကို နှစ်ပတ်ပတ်ပြီး ငါးမိနစ်အကြာ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတပ်မြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"၁၀ နာရီ ၁၇ မိနစ်မှာ စပစ်တယ်။ ၂၂ မိနစ်မှ ပစ်တာပြီးတယ်။ လေယာဉ်ပေါ်ကနေ ရော့ကတ်တွေရော အတွဲလိုက်ပစ်တယ်။ ပြီးတော့ ဗုံးလေးလုံး ချသွားတယ်။ ဒဏ်ရာရတဲ့သူတွေက ရွာအပြင်ဘက်တောင်ယာမှာ စိုက်ပျိုးရေးလုပ်နေရင်း ထိမှန်ကြတာပေါ့"
ဒဏ်ရာရသူတွေဟာ လက်မောင်း၊ ခေါင်းနဲ့လည်ပင်ရိုးတွေမှာ ဗုံးအစထိမှန်ခဲ့တာဖြစ်ပြီး အဲဒီနေ့ကတည်းက ဆေးကုသမှုပေးထားရတယ်လို့ ဆိုပါတယ်။
လေကြောင်းပစ်ခတ်မှုနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့အထိ နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ချင်းလူမျိုး ၅၂၈ ဦးသေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။