ဝက်လက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အအုံတချို့ ပျက်စီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အရှေ့ခြမ်းက ကမ်းဖြူရွာကို မတ်လ ၁၄ ရက်နေ့က ဂျက်တိုက်လေယာဉ်နဲ့ သုံးကြိမ်အထိ လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ဘာသာရေး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ Wetlet Informational Network အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုမှာ ဗုံးတစ်လုံးက ကမ်းဖြူရွာတောင်ဘက်က ဘုန်းကြီးကျောင်းဘေးကို ကျရောက်ပေါက်ကွဲတာကြောင့် စေတီတစ်ဆူနဲ့ ကျောင်းဆောင်တချို့ ထိခိုက်ပျက်စီးခဲ့တာလို့ Wetlet Informational Network အဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ပစ်တာက သုံးကြိမ်ဝဲတယ်။ တစ်ခါဝဲရင် ပေါင်နှစ်ရာ တစ်လုံးချတယ်။ နှစ်ဖက်ဝဲတယ် နှစ်လုံးချသွားပြီးတော့မှ နောက်ဆုံးတစ်ချီကျတော့ လေယာဉ်ပေါ်မှာပါတဲ့ စက်လက်ကြီးနဲ့ ပစ်သွားတယ်။ သူတို့ချတဲ့ ဗုံးတစ်လုံးက တောထဲသွားကျတယ်။ နောက်တစ်လုံးကတော့ ဝက်လက်အရှေ့ခြမ်း ကမ်းဖြူရွာရဲ့ တောင်ဘက် ဘုန်းကြီးကျောင်းရဲ့ ကပ်ရပ်မှာ တောင်တစ်တောင်ရှိတယ်ဗျ။ အဲရှေ့မှာ လယ်ယာကိုင်းသီးနှံတွေစိုက်တဲ့ သောင်ပြင်မှာ ကျကွဲတယ်။ ခိုင်းနွားတစ်ကောင် သေတယ်။ လူတစ်ရပ်နီးပါး တွင်းကြီးဖြစ်သွားတယ်။ တောထဲမှာချတဲ့ ဗုံးသီးကျတော့ စေတီကို ထိခိုက်သွားတယ်”

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံံ့ပြန့်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မတ်လ ၁၄ ရက် မနေ့က တစ်ရက်တည်းမှာပဲ စစ်ကိုင်းတိုင်းက မုံရွာမြို့နယ်နဲ့ ကနီမြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်က ဝင်ရောက်စီနင်းတာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၈ ရက်နေ့ကတော့ ဝက်လက်မြို့နယ် ဟလင်းရွာကို စစ်ကြောင်းဝင်ရောက်စဉ် နေအိမ်လေးဆယ်ခန့် မီးရှို့ခံခဲ့ရသလို ရွာခံအမျိုးသမီးတစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။