ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က မတ်လ ၁၄ ရက်နေ့မှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ နောက်ထပ်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်၊ ပြုံးပြဲရွာက အသက် ၇၂ နှစ်အရွယ် ဒေါ်စိန်တင်ဖြူ သေဆုံးခဲ့တာဖြစ်ပြီး သူရဲ့ခင်ပွန်းဖြစ်သူ အသက် ၇၈ နှစ်အရွယ် ဦးမောင်ကျော်ထွန်းက ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဂျက်ဖိုက်တာနဲ့ လာပစ်လို့ အဘွားကြီးတစ်ယောက်က ပွဲချင်းပြီးသေတယ်။ ဗုံးလာကြဲတာမဟုတ်ဘူး။ စက်သေနတ်နဲ့ လာပစ်သွားတာပါ"
မတ်လ ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်အတွင်းမှာလည်း ကျောက်ဖြူမြို့ပေါ်က ကျန်းမာရေးဝန်ထမ်းတစ်ဦး အပါအဝင် ဒေသခံငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ကျောက်ဖြူမြို့ပေါ်က ကျန်းမာရေးဝန်ထမ်း အသက် (၂၆) နှစ်အရွယ် သန့်ဇော်ဟိန်း၊ သဒွတ္တိန်ရွာက အသက် (၃၅) နှစ်အရွယ် ဦးမောင်ရွှေ၊ အသက် (၄၈) နှစ်အရွယ် ဦးအေးမောင်သန်း၊ အသက် (၃၅) နှစ်ရွယ် ဦးမောင်သာနဲ့ ကြတ္တိန်ရွာက အသက် (၅၅) နှစ်အရွယ် ဦးကျော်မြင့်တို့ ဖြစ်ပါတယ်။
သူတို့ဟာ ရက္ခိုင့်တပ်တော်(AA)နဲ့ ပတ်သက်ဆက်နွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်လေးလအထိ ရှိနေပြီဖြစ်သလို ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရမ်းဗြဲ စတဲ့ မြို့ ရှစ်မြို့အထိ AA က သိမ်းယူထားပါတယ်။