မြောက်ဦးမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ကို စစ်ကောင်စီတပ်က မတ်လ ၁၇ ရက် ဒီနေ့မနက် တစ်နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့ပေါ်ကို စစ်ကောင်စီတပ်က Y12 လေယာဥ်နဲ့ ဗုံးဆယ်လုံးနီးပါးကြဲချခဲ့တယ်လို့ မြောက်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်အရုဏ်ဦး မတက်ခင်လေးမှာပဲလာပြီး ဗုံးကြဲပြီး မကွေးဘက်ကိုပြန်သွားတာပဲ။ နေရာမှာ ပွဲချင်းပြီး တစ်ယောက်သေတယ်။ နောက်တစ်ယောက်က ဒဏ်ရာပြင်းထန်ပြီး ဆေးကုရင်းနဲ့ ဆုံးသွားတယ်။ လာကြဲတာက တစ်ခါပဲ။ ဒါပေမဲ့ တစ်ကြိမ်ထဲကို ဗုံးဆယ်လုံးလောက် ကြဲချသွားတာ။ မြို့လယ်ကောင်မှာကျတော့ နေအိမ်တွေလည်း ပျက်စီးသွားတယ်”

ဒီတိုက်ခိုက်မှုကြောင့် ကြက်သျှာကျွန်းရပ်ကွက်က အသက် ၃၇ နှစ်အရွယ် ဒေါ်ဘုဘု နေရာမှာတင် သေဆုံးခဲ့ပြီး နောက်ထပ် အမျိုးသားတစ်ဦးက ပြင်ထန်ဒဏ်ရာနဲ့ ဆေးကုသမှုခံယူနေချိန်မှာ သေဆုံးခဲ့တာလို့ ပြောပါတယ်။

ဒဏ်ရာရသူခုနစ်ဦးကတော့ ရက္ခိုင့်တပ်တော် (AA)က ဖွင့်လှစ်ထားတဲ့ဆေးခန်းမှာ ဆေးကုသမှုခံယူနေပြီး အသေးစိတ်အခြေအနေကို မသိရသေးဘူးလို့ ပြောပါတယ်။

မြောက်ဦးမြို့ပေါ်က တောင်ရပ်ခွဆုံ၊ ရွှေတောင်၊ ကုန်သည်တန်း၊ နန်းရာကုန်း စတဲ့ရပ်ကွက်တွေမှာ ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ခြောက်လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစလို ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ပုဏ္ဏားကျွန်းမြို့တွေကို AA က သိမ်းယူထားပါတယ်။