လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးကန့်တပ်ဖွဲ့က တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

RFA Burmese
2022.12.28
လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးကန့်တပ်ဖွဲ့က တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ လေကြောင်းတိုက်ခိုက်မှုတွင် ကျန်ခဲ့သည့် လက်နက်ကြီးအစိတ်ပိုင်းများအား ကိုးကန့်တပ်ဖွဲ့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ထားစဉ်။
The Kokang

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် လိုင်းရင်းဒေသက MNDAA ကိုးကန့်တပ်ဖွဲ့ တပ်စခန်း ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် ကိုးကန့်တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး၊ ငါးဦးဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူ ဦးရန်နိုင်က ပြောပါတယ်။

MNDAA နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က အထိနာလို့ လေကြောင်းအသုံးပြု တိုက်ခိုက်တာလို့ ဦးရန်နိုင်က ပြောပါတယ်။

“နှစ်ကြိမ်ပေါ့နော် တစ်ကြိမ်မှာ ဗုံးငါးလုံးပါတယ်။ စုစုပေါင်း ဆယ်လုံး ကြဲချတာပေါ့။ ဒါကသူတို့ဘက်ကမြေပြင်မှာ အထိနာနေတော့ အခုလို လုပ်တယ်လို့ ပြောရမယ် ထင်တယ်။ ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ သူတို့ဘက်က အထိနာထားတဲ့ အခြေအနေ ဖြစ်နေတော့လေ"

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဒီဇင်ဘာ ၂၁ရက်နေ့ကနေ ၂၃ ထိ မုံးကိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်ဖွဲ့ကြား သုံးရက်ကြာ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။

၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကလည်း ချင်းရွှေဟော်မြို့နယ် နမ့်ဖာတောင်ကုန်းမှာရှိတဲ့ ကိုးကန့်တပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေ သွားရောက် တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

၂၀၂၂ခုနှစ် ဇွန်လနောက်ပိုင်းကစလို့ ရှမ်းပြည်မြောက်ပိုင်း မုံကိုး၊ ချင်းရွှေဟော်၊ လားရှိုး၊ ကွတ်ခိုင်၊ ကွမ်းလုံမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ကြား တိုက်ပွဲတွေ အရင်ထက်ပိုဖြစ်လာတာကို တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်းညီနောင်သုံးဖွဲ့ဝင်ဖြစ်တဲ့ ကိုးကန့်တပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ အပစ်ရပ်လက်မှတ် ရေးထိုးထားတာ မရှိသေးသလို စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်တာမျိုး မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။