စစ်ကောင်စီတပ်က TNLA ကို လေကြောင်းကနေ ထိုးစစ်ဆင်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေ နဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက် မနေ့က နေ့လယ် ၂ နာရီလောက်ကစပြီး စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ် ပန်လုံနဲ့ ပန်အလောဝ်ရွာတွေမှာ ရဟတ်ယာဉ် ငါးစီးနဲ့ လူအင်အား ၁၀၀ ကျော် လာရောက်ချထားခဲ့ပြီး ကုန်းသာရွာတစ်ဝိုက်ကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၈ ရက် ဒီမနက်အထိလည်း ကုန်းသာရွာတစ်ဝိုက်ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်နေတုန်းပဲလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခုလည်းပစ်နေတယ် ဆက်တိုက်ပဲ။ ကုန်းသာရွာမှာမနေ့က နေအိမ်တချို့ မီးလောင်တာရှိတယ်။ တော်တော်များများလည်း ဘေးလွတ်ရာကို ပြေးနေကြရပြီ။ အသေးစိတ်တော့ တိတိကျကျ ပြောလို့မရသေးဘူး”

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားထပ်ဖြည့်နေသလို စစ်ကြောင်းတချို့ ထပ်ထိုးလာ နေတာကြောင့် တိုက်ပွဲထပ်ပြီးပြင်းထန်နိုင်တယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

“ကုန်းသာရွာနားမှာ ဖြစ်နေတာ။ မနေ့က ရဟတ်ယာဉ်နဲ့ လူလာချတော့ အဲဒီအနီးမှာ ရှိတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ ဖြစ်နေတာ။ သူတို့လူလာချတဲ့ လမ်းကြောင်းက မိုးမိတ်နဲ့ ကချင်ပြည်နယ်ဘက် လမ်းကြောင်းကဖြစ်နေတယ်။ ဘယ်ကနေလာတယ် ဘယ်တပ်ရင်းတပ်ဖွဲ့ ဆိုတာကိုတော့ မသိရသေးဘူး”

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်ရာမှာတော့ ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။

တိုင်းရင်းသားအရေးလေ့လာသူ တစ်ဦးကတော့ ရက္ခိုင့်တပ်တော် AA နဲ့ အပစ်ရပ်လိုက်တဲ့ စစ်ကောင်စီဟာ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက ခုခံတွန်းလှန်စစ်မှာ TNLA ဘက်က ကူညီနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလို ထိုးစစ်ဆင်တိုက်ခိုက်မှုလုပ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား အရင်က တိုက်ပွဲတွေ ကြီးကြီးမားမားဖြစ်ခဲ့တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။