စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ဘက် ငါးပန်ချောင်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၈ ရက် ဒီနေ့လယ် ၁၂ နာရီမှာ စစ်ရဟတ်ယာဉ်လေးစီးနဲ့ လေကြောင်း ကနေ ပစ်ခတ်တိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းပစ်ခတ်မှုတွေ လုပ်နေချိန်မှာပဲ နောက်ထပ်ရဟတ်ယာဉ်နှစ်စီးပေါ်ကနေ စစ်ကောင်စီတပ်သား ၁၅၀ ဝန်းကျင် ဆင်းလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ခြေဦးတည့်ရာကို ထွက်ပြေးခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာရှိလူကုန်တော့ မပြေးနိုင်ခဲ့ဘူး။ သက်ကြီးပိုင်းတော့ နည်းနည်းကျန်ခဲ့တယ်။ ဂျက်ဖိုက်တာတွေက ဗြုန်းစားကြီး ရောက်လာလိုက်တော့ မနည်းကိုအသက်လု ပြေးခဲ့ရတာ။ အကုန်လုံးလည်း ခြေဦးတည့်ရာကို ပြေးရတော့ တကွဲတပြားဖြစ်နေတယ်"
ဒီပစ်ခတ်မှုအတွင်း အရပ်သားထိခိုက်ဒဏ်ရာမှု အခြေအနေနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေ တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။ ငါးပန်ချောင်းရွာဟာ အိမ်ခြေ ၄၀၀ ကျော် ရှိပြီး လူဦးရေ ၁,၁၀၀ နီးပါး နေထိုင်ပါတယ်။
ဒီကနေ့ညနေပိုင်းအထိ ငါးပန်ချောင်းရွာအနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီဥက္ကဋ္ဌကို ပြောဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။