မြေပုံမှာ လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် အရပ်သား ဆယ်ဦးထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးတိုက်နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီက မတ်လ ၂၂ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သာသနိက အဆောက်အအုံ၊ အခြေခံပညာစာသင်ကျောင်းနဲ့ လူနေအိမ်တချို့ မီးလောင်ပြီး ရဟန်းသံဃာတွေ အပါအဝင် အရပ်သား ဆယ်ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၂ ရက် နေ့လယ်ပိုင်း မွန်းလွဲ ၁ နာရီလောက်မှာ ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီကျေးရွာဘုန်းတော်ကြီးကျောင်းမှာရှိတဲ့ သိမ်ဆောင်နဲ့ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရသလို အခြေခံပညာအလယ်တန်းကျောင်းပါ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ညောင်ကန်းကျေးရွာဘုန်းတော်ကြီးကျောင်းက ဦးပဉ္စင်းတစ်ပါးဖြစ်တဲ့ ဦးနာဂသေန၊ အသက် ၁၇ နှစ်အရွယ် မောင်ကောင်းခန့်ကျော်၊ အသက် ၁၂ အရွယ် မနှင်းယုရွှေ၊ ကိုရင်တစ်ပါး အပါအဝင် လူ ၁၃ ဦးခန့် ဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ အဲဒီညောင်ကန်ကျေးရွာသားတစ်ဦးက RFA ကိုပြောပါတယ်။

“ဂျက်တိုက်လေယာဥ် နှစ်စီးနဲ့ လာပစ်တာ။ ဒဏ်ရာရသွားကြတာ ရဟန်းသံဃာမပါဘဲ နောက်ထပ် လူတစ်ဆယ်ကျော်ရှိသေးတယ်။ ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရတဲ့အခြေအနေရှိတဲ့ လူတွေလည်းရှိတယ်။ ဦးပဉ္စင်းတစ်ပါးမှာ လက်ကိုထိသွားတယ်။ နောက်ထပ် ကိုရင်လေးတစ်ပါးမှာတော့ နားရွက်ကိုထိသွားတယ်”

စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ ရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

မြေပုံမြို့နယ်ဟာ ရက္ခိုင့်တပ်တော် (AA) က အပြီးသိမ်းယူထားတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့အထိ လေးလကျော်အတွင်း RFA က ပြုစုထားတဲ့စာရင်းအရ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းတွေကြောင့် အရပ်သား သေဆုံးသူ နှစ်ရာကျော်နဲ့ ဒဏ်ရာရရှိသူ ငါးရာနီးပါး ရှိနေပါတယ်။