ဖယ်ခုံမှာ တိုက်နယ်ဆေးရုံ ဗုံးကြဲခံရပြီး နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က မတ်လ ၂၂ ရက် မနက် ၁၀ နာရီလောက်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အမျိုးသားနှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရသွားတယ်လို့ ကရင်နီစစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၁၆ နှစ်နဲ့ ၄၀ ကျော်အရွယ် အမျိုးသားတွေ ဖြစ်ပါတယ်။ အဲဒီဆေးရုံကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ ပေါင်ငါးရာဗုံးရှစ်လုံး ကြဲချခဲ့တာလို့ ကရင်နီစစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးအဖွဲ့ မြေပြင်တာဝန်ခံ ကိုလွမ်းက RFA ကို ပြောပါတယ်။

"ဒီနေ့ မနက်မှာ ဗုံးလာကြဲတာဟုတ်ပါတယ်။ လအိတိုက်နယ် ဆေးရုံဟောင်းကိုပါ။ သတင်းကြားလို့ ရွှေ့ထားတာ မနေ့ကပဲ။ မဟုတ်ရင် အများကြီးထိမှာ။ လေယာဉ်ပစ်နေတုန်းနားပြီထင်ပြီး သွားကြည့်ကြတာ အဲဒီမှာထိတာ။ စစ်ဘေးရှောင် နှစ်ယောက်သေတယ်။ နှစ်ယောက်လုံး အမျိုးသားတွေပဲ"

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုဝာာမရှိပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တပ်ဖွဲ့အကြား တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်နေတာပါ။

အလားတူ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ပင်လောင်း၊ ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်အတွင်းမှာ အရပ်သား ၄၉ ဦး သေဆုံးခဲ့ပြီး ခြောက်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံးရဲ့ အခုလ ၁၈ ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလကလည်း ဖယ်ခုံမြို့နယ်အနောက်ပိုင်း ဆောင်းဖွေးရွာဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဆေးရုံအဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။