စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ ဒီဇင်ဘာလ ၁၆ နဲ့ ၂၁ ရက်နေ့တွေက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် နှစ်ဦးသေဆုံးပြီး ၁၁ ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဖောင်းပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။
ဒီဇင်ဘာလ ၂၁ ရက် ညနေက ဖောင်းပြင်မြို့နယ် သရောင်းရွာမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၀ အရွယ် ကိုကျော်စိုးဆိုသူ ဗုံးစ ထိမှန်သေဆုံးခဲ့ပြီး အသက် ၁၇ နဲ့ ၆၀ ကြားအရွယ် အမျိုးသား ငါးဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ဆယ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖောင်ပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သရောင်းရွာက စာသင်တိုက်၊ ဈေး၊ ကမ်းနားလမ်း၊ ဘောလုံးကွင်းနဲ့ ကားဝန်းကို ပစ်သွားတာပါ။ ပစ်ခတ်ချိန်က ၂၅ မိနစ်လောက်ပဲဆိုပေမယ့် နှစ်ပတ် ပတ်ပြီး ပစ်သွားတာ။ တိုက်ပွဲလည်း မဖြစ်တော့ လူတွေက အန္တရာယ် မရှိလောက်ဘူး ထင်နေကြတာပါ။ ဒီလိုတွေ ပစ်ခံရတော့ အကုန်လုံး ကြောက်နေကြပြီ။ တချို့တွေဆိုလည်း ငိုလိုက် ရယ်လိုက် ဖြစ်နေကြတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေ တော်တော် ကြောက်နေကြတယ်။ လေယာဉ်သံ ကြားလိုက်တာနဲ့ ရှောင်ချိန်မရဘဲ ပစ်ခံလိုက်ရတာ”
ထိခိုက်ဒဏ်ရာ ရရှိထားသူတွေကို ဖောင်းပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားချင်း စာနာထောက်ထားရေးအဖွဲ့ကနေ ဆေးကုသပေးထားတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ဖောင်းပြင်မြို့နယ် အနောက်ခမိုင်းရွာဘက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ နောက်တစ်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာလည်း အနောက်ခမိုင်းရွာဘက်ကို လေကြောင်းကနေ ထပ်မံ တိုက်ခိုက်ခဲ့ပေမယ့် လူထိခိုက်တာမရှိဘဲ နေအိမ်အချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖောင်းပြင်မြို့နယ်က လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သားတွေ သေဆုံးထိခိုက်တာနဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က မနေ့ညက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် စက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကလည်း ဖောင်းပြင်မြို့နယ်နဲ့ တစ်ဆက်တည်းရှိနေတဲ့ ဟုမ္မလင်းမြို့နယ် သုတိဿာရွာက စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒုက္ခသည် ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဖြစ်စဉ်အတွက်လည်း စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။