ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ညောင်လေးပင်ခရိုင်က မတ်လ ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကပလယ်ဒိုရွာမှာ မတ်လ ၁၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဂျက်တိုက် လေယာဉ်တစ်စင်းနဲ့ လေကြောင်း တိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် မောင်ဝင်းသန်းနိုင် သေဆုံးပြီး အသက် ၂၇ နှစ် အရွယ် ကိုသန်းထိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီ့အပြင် သပြေကုန်းရွာကိုလည်း မတ်လ ၇ ရက် မနက် ၁၁ နာရီဝန်းကျင်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၃၀ အရွယ် နော်နီသောစေး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအတောအတွင်း စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-၂၆၄ ကနေ ၁၅၅ မမ ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဘောကထာ၊ ပဒဲကောင်း၊ ဘီလေ၊ ဘုရာကြီးအောက်ကွင်း နဲ့ ဘုရားဇီးကုန်း ရွာတွေအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီပေါက်ကွဲမှုတွေအတွင်း အရပ်သားထိခိုက် သေဆုံးမှု မရှိခဲ့ပါဘူး။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။