ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ တိုက်နယ် ၃ ကို မတ်လ ၁၅ ရက် နေ့လယ်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံနှစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးငယ်နှစ်ဦး အပါအဝင် လေးဦးဒဏ်ရာရရှိခဲ့တာပါ။
သေဆုံးသူတွေဟာ အသက် ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ပါတယ်။ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ အသက် ၂၈ နှစ်အရွယ် ကျောင်းဆရာတစ်ဦး၊ အသက် ခုနစ်နှစ်နဲ့ ဆယ်နှစ်အရွယ် ယောက်ျားလေးနှစ်ဦး၊ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးတို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲခဲ့တာလို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန် က ပြောပါတယ်။
"နေ့လယ် ၁၂ နာရီ ၃၀ လောက် လာကြဲသွားတာပါ။ MIG 29 လိုမျိုး တိုက်လေယာဉ် စိမ်းပြာရောင်တစ်စင်းက အပြန်အလှန် ပတ်ဝဲပြီး ကြဲတာပါ"
ဒီ့အပြင် ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချို ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
မင်းတပ်မြို့နယ်ကို စစ်ကောင်စီက မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ပြီး မတ်လ ၈ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာတော့ ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ အသက် ၃၅ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။