နိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ကနဦးစစ်ဆေးမေးမြန်းမှု ဒါမှမဟုတ်လက်ရှိစုံစမ်းစစ်ဆေးမှုတွေကို တိုးချဲ့လုပ်ဆောင်ဖို့ မြန်မာပြည်သူတွေက မျှော်လင့်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂထံတင်ပြခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ အောက်တိုဘာလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ၊ နိုင်ငံတကာရာဇဝတ်ခုံရုံး အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးမှုပြုလုပ်ခဲ့ရာမှာ သံအမတ်ကြီးက အခုလိုတင်ပြခဲ့တာပါ။
မြန်မာပြည်မှာ စစ်တပ်ကသမိုင်းတစ်လျှောက် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့ လက်ရှိကျူးလွန်နေဆဲ ကြီးမားတဲ့ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာက တာဝန်ယူဆောင်ရွက်ပေးနိုင်မယ့်အခြေအနေအပေါ် မြန်မာပြည်သူတွေက မျှော်လင့်နေတယ်လို့လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။
စစ်ကောင်စီက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် လုံလောက်တဲ့သက်သေအထောက်အထားတွေရရှိထားပြီး ဒီအချက်အလက်တွေကိုအသုံးပြုပြီး ထိရောက်တဲ့အရေးယူမှုတွေကို လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ သံအမတ်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံးရဲ့မှတ်ပုံတင်အရာရှိ (Registrar of the International Criminal Court )ထံ မြန်မာနိုင်ငံအတွင်း ၂၀၀၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ နောက်ပိုင်းဖြစ်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ခုံရုံးရဲ့တရားစီရင်ပိုင်ခွင့်ကို လက်ခံမယ်လို့ အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းတရားစီရင်ရေးစနစ်မှာ ပျက်စီးသွားခဲ့တာကြောင့် အခုလိုပြောရတာဖြစ်ပြီး
ရာဇဝတ်မှုကျူးလွန်ထားသူတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးအပါအဝင် နိုင်ငံတကာတရားစီရင်ရေးစနစ်နဲ့ တရားစီရင်ပြီး မြန်မာနိုင်ငံအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ အကူအညီတောင်းရတာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ၊ ရွာလုံးကျွတ်မီးရှို့မှုတွေကို ကျူးလွန်နေကြောင်းကို
အခုနှစ်စက်တင်ဘာလမှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကို တိုက်ခိုက်ခဲ့တာနဲ့ ကချင်ပြည်နယ်ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာကို အောက်တိုဘာလက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ထောက်ပြပြောခဲ့ပါတယ်။
လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် (၇) ဦး အပါအဝင် စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ပြီး အနန့်ပါကျေးရွာတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးတွေနဲ့ကလေးငယ်တွေ အပါအဝင် ပြည်သူ (၁၀၀) ဦး ခန့် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂထံသံအမတ်ကြီးက တင်ပြခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကုလသမဂ္ဂထံတင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အစီရင်ခံစာတွေဟာ အပြုသဘောမဆောင်ဘဲ အပျက်သဘော ဆောင်တယ်လို့ တုံ့ပြန်ထားပါတယ်။ ပြီးခဲ့တဲ့လအတွင်း ကုလသမဂ္ဂ တတိယကော်မတီအစည်းအဝေးတွေမှာ ဆွေးနွေးခဲ့တဲ့ ဆွေးနွေးချက်တွေဟာ ဂုဏ်သရေညှိုးနွမ်းအောင်လုပ်ဆောင်တဲ့ လုပ်ရပ်တွေပဲလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။