နွားထိုးကြီးမှာ ဒေသခံနှစ်ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မှာ နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက ဒေသခံ နှစ်ဦးကို စစ်ကောင်စီ ထောက်ခံတဲ့ သွေးသောက်အဖွဲ့ဝင်တွေက ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်သတ်ခဲ့သလို စျေးဆိုင်တစ်ဆိုင်ကိုပါ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်သတ်ခံလိုက်ရသူနှစ်ဦးဟာ အမှတ် (၅) ရပ်ကွက်၊ ပန်းကံ့ကော် လက်ဖက်ရည်ဆိုင်က ဝန်ထမ်းတွေဖြစ်တယ်လို့ နွားထိုးကြီးမြို့မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပန်းကံကော်ဆိုင်ပိုင်ရှင် ကိုမျိုးကျော်က NLD အမာခံထဲမှာ ပါတာပေါ့။ ညဘက် သူ့ကိုဝင်ဖမ်းတာ မတွေ့လို့ ဆိုင်ဝန်ထမ်းကို ခေါ်သွားပြီး မနက်ကျတော့ ပစ်သတ် ထားတဲ့ အလောင်းတွေ့တာပဲ။ အခုထိ ပစ်သတ်ခံလိုက်ရသူတွေရဲ့ နာမည်နဲ့အသက်က အတိအကျ မသိရသေးပါဘူး"

အသတ်ခံရသူနှစ်ဦးဟာ အသက် (၃၀) ကျော်အရွယ်တွေဖြစ်ပြီး နွားထိုးကြီးမြို့ အနောက်ဘက်အခြမ်းမှာ သေနတ်ဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့ညမှာပဲ သွေးသောက်အဖွဲ့ဝင်ဆိုသူတွေဟာ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ မဝေ မုန့်မျိုးစုံ ရောင်းတဲ့ဆိုင်ကိုပါ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် တစ်ဆိုင်လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတ်ဖြတ်မှုကို သွေးသောက်အဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက အတည်ပြု ပေမယ့် နာမည်ကိုတော့ ထုတ်ဖော်မပြောကြသလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း နွားထိုးကြီးမြို့က ဒေသခံ လေးဦးကို သွေးသောက် အဖွဲ့တွေ ဖမ်းဆီးပြီး မြို့နဲ့ နှစ်မိုင်အကွာမှာရှိတဲ့ စေဒိတ်ရွာနဲ့ ထန်းတောရွာကြားမှာ ပစ်သတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။