စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှု (၂) နွားမွေးမြူရေးဇုန်ထဲက အသက်မပြည့်သေးတဲ့ ကလေးတစ်ဦး အပါအဝင် ဒေသခံ ခုနစ်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ ဆိုင်ကယ် ဝပ်ရှော့လုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၀ အရွယ် ကိုဝေဖြိုး၊ အသက် ၆၀ ကျော် ဦးဌေးဝင်းနဲ့ အမည်မသိ သက်ကြီးပိုင်း အမျိုးသားတစ်ဦး၊ နွားမွေးမြူရေး လုပ်ကိုင်နေတဲ့ အသက် ၂၆ နှစ်အရွယ် ကိုသန်းနောင်နဲ့ သူ့ရဲ့အစ်ကိုဖြစ်သူ အသက် ၃၁ နှစ်အရွယ် ကိုကျော်ရဲအောင်၊ သူတို့နဲ့ဆွေမျိုးတော်စပ်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုမြင့်သူအောင်နဲ့ အသက် ၁၄ နှစ်အရွယ် မောင်တင်ထွန်းဝင်း၊ စုစုပေါင်း ခုနစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။
သူတို့ ခုနစ်ဦးကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်း နွားမွေးမြူရေးဇုန်နဲ့ ထိစပ်နေတဲ့ ရွာထောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အားနှစ်ဆယ်ကျော်က သုံးကြိမ်ဝင်ရောက်ပြီး ဖမ်းဆီးပြီးနောက် သတ်ဖြတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မုံရွာမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ပထမဆုံး ဝပ်ရှော့လုပ်တဲ့ လူငယ်လေးတစ်ယောက်ကို ဖမ်းသွားတယ်။ သူကိုဖမ်းသွားပြီး ရွာထဲ ဒုတိယတစ်ခေါက်ထပ်ဝင် သက်ကြီးပိုင်း နှစ်ဦးကို ထပ်ဖမ်း၊ ခါတိုင်းလည်း အဲဒီနေရာထဲ ဝင်နေကျဆိုတော့ အဲဒီမှာနေတဲ့ ပြည်သူတွေက ပေါ့ပေါ့တန်တန်ပဲနေကြတာ။ ခါတိုင်းလည်း ဖြတ်သွား ဖြတ်လာလုပ်နေတော့ မဖမ်းလောက်ဘူးပဲထင်တာ။ အဲဒီအချိန်မှာ တတိယတစ်ခေါက် ထွက်လာတော့ တစ်အိမ်တည်းမှာပဲ ညီအစ်ကို နှစ်ယောက်ရယ်၊ သားမက်ရယ်၊ တူဝမ်းကွဲ တစ်ယောက်ရယ် အားလုံး လေးယောက် ထပ်ပြီးဖမ်းသွားတယ်။ အားလုံး ခုနစ်ယောက် ဖမ်းဆီးသွားတယ်။ ပထမ ပေါ်တာဆွဲတယ်ပဲ ထင်တာ။ ပြီးမှ PDF လို့စွပ်စွဲပြီး အကုန်သတ်ပစ်လိုက်တယ်”
ဖေဖော်ဝါရီလ ၁၄ ရက် မနေ့က ဖမ်းခံသူအားလုံး သတ်ဖြတ်ခံလိုက်ရပြီ ဆိုတဲ့သတင်းကို ကြားခဲ့ရတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၅ ရက် ဒီနေ့မနက်မှာ ရုပ်အလောင်းတွေကို နာရေးကူညီမှုအသင်း တစ်သင်းက လာသယ်သွားတယ်လို့ ဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ နောက်ထပ် မုံရွာမြို့ခံ တစ်ဦးကလည်းပြောပါတယ်။
“နွားဇုန်အထွက်နဲ့ ရွာထောင်ဂိတ်ရှိတယ်။ အဲဒီနားတစ်ဝိုက်မှာ အလောင်းတွေ ထားထားတယ်လို့ ပြောတယ်ဗျ။ သတင်းကြားတာက ဖမ်းသွားတဲ့နေ့ကတည်းက သတ်ပစ်လိုက်ပြီဆိုပြီး မနေ့က ၁၄ ရက်နေ့မှာ သတင်းထွက်လာတယ်။ ဘယ်သူမှ အလောင်း မကောက်ရဲတာဗျ။ ဒီနေ့မနက်မှ မုံရွာနာရေးအသင်း တစ်ခုကနေပြီးတော့ ရုပ်အလောင်းတွေ လာကောက်သွားတာ”
မုံရွာမြို့ အထွက်နားမှာရှိတဲ့ စက်မှု (၂) နွားမွေးမြူဇုန်၊ စစ်ကောင်စီ တပ်စခန်းထိုင်ထားတဲ့ ရွာထောင်ကျေးရွာနဲ့ လယ်ဇင်ရွာတို့ဟာ တစ်ဆက်တည်း ရှိနေတဲ့နေရာတွေဖြစ်ပါတယ်။
စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဖေဖော်ဝါရီလ ၁၄ ရက်၊ မနေ့က မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ရွာအနီး တိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲ့ဝင် ခုနစ်ဦးရဲ့ ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ သတ်ဖြတ်ခံလိုက်ရတဲ့သူတွေဟာ ပြည်သူတွေသာဖြစ်ပြီး ရုပ်အလောင်းတွေနားမှာ လက်လုပ်သေနတ်တွေနဲ့ ဓာတ်ပုံရိုက်ပြီး ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားတာလို့ မုံရွာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
“ကျွန်တော်တို့လည်း ဖမ်းကာစတော့ သူတို့ ပေါ်တာဆွဲတယ်ပဲ ထင်တာ။ နောက်ပိုင်းကျတော့မှ သူတို့က ဒီလယ်ဇင်ဘက်ကိုပေါ့လေ။ ဒါ PDF စခန်းတစ်ခုကို စီးနင်းခဲ့တယ်လို့ ပြချင်တဲ့အခါကျတော့ မဆိုင်တဲ့ပြည်သူတွေကို သတ်ပြီးတော့ လက်လုပ်သေနတ်တွေ ဘေးမှာချပြီး လိုင်းပေါ် တင်လိုက်တယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိသေးပါဘူး။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၄ ရက်အထိ စာရင်းအရ အာဏာသိမ်းပြီးနောက် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ၄၅၂၅ ဦးအထိ ရှိနေပါတယ်။