မုံရွာမြို့နယ် သက္ကယ်ကျင်းရွာက ဖမ်းဆီးခံရသူ ငါးဆယ်ခန့် ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက် သက္ကယ်ကျင်းရွာကို မတ်လ ၁၄ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီးနောက် ကြိုးတုပ်ဖမ်းဆီးသွားတဲ့ ပြည်သူ ငါးဆယ်ခန့်ဟာ မတ်လ ၁၇ ရက်အထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သက္ကယ်ကျင်းရွာ ဒေသခံတွေကို မတ်လ ၁၄ ရက် ညနေ ငါးနာရီဝန်းကျင်မှာ ရွာထောင်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ရွာထောင်ရွာကတစ်ဆင့် ကားနှစ်စီးနဲ့ မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ဆီ ခေါ်ဆောင်သွားပြီး မတ်လ ၁၇ ရက်အထိ ပြန်မလွှတ်သေးဘူးလို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ မျက်မြင်ကိုက ငါးဆယ်ဝန်းကျင်ရှိတယ်။ ကြိုးတွေနဲ့တုပ်ပြီး အတန်းလိုက်ကြီး ဖမ်းခေါ်သွားတာ။ ရွာထောင်ကနေပြီးတော့မှ ကားကြီးနှစ်စီးနဲ့ ရောက်လာပြီး ထပ်ခေါ်သွားတယ်။ မုံရွာ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်)ထဲ ခေါ်သွားတယ်လို့လည်း ကြားတယ်။ ဒီနေ့ထိ ပြန်လွတ်တာ တစ်ယောက်မှ မရှိသေးဘူးဗျ”

သက္ကယ်ကျင်းရွာကို စစ်ကောင်စီတပ်သား ခြောက်ဆယ်နီးပါးက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ်လေးရာခန့် မီးလောင်ပျက်စီးခဲ့သလို အသက် ၄၅ နှစ်အရွယ် ဒေါ်လဲ့ဦးအပါအဝင် အမျိုးသမီးသုံးဦးနဲ့ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ပါတယ်။

ဒီအပြင် ဒေသခံ သုံးထောင်ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

စစ်ကောင်စီကတော့ သက္ကယ်ကျင်းရွာကို ဝင်ရောက်မီးရှို့တာမရှိဘူးလို့ မတ်လ ၁၆ ရက်က ထုတ်ပြန်ခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက ပြည်သူက နှစ်သောင်းကျော်(၂၀,၁၁၂ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။