ဒေးဒရဲမှာ လက်နက်တွေ့တယ်ဆိုပြီး ဖမ်းဆီးခံရသူလေးဦး တစ်လကြာအထိ အဆက်အသွယ်မရ

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ ဒရုန်းတွေနဲ့လက်နက်တွေ တွေ့တယ်ဆိုပြီး ဖမ်းဆီးခံရသူတွေထဲက လေးဦးကို တစ်လကြာတဲ့အထိ မိသားစုတွေ ဆက်သွယ်လို့ မရသေးဘူးလို့ အဖမ်းခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။

ဒေးဒရဲမြို့နယ် ကျိတ်တောရွာနဲ့ ကဝက်ချောင်းရွာမှာနေထိုင်တဲ့ ကိုလှိုင်မျိုးကျော်၊ ကိုနိုင်မျိုးရွှေနဲ့ ဇနီးဖြစ်သူ မစုမာ၊ ကိုထက်မြက်စိုးတို့ကို ဒရုန်းတွေ၊ လက်နက်တွေနဲ့အတူ RPG ပါတွေ့တယ်ဆိုပြီး စစ်ကောင်စီ တပ်သားတွေက ဖေဖော်ဝါရီလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ဒေးဒရဲမြို့မှာနေထိုင်တဲ့ ကိုဝေယံဦးနဲ သူ့ရဲ့မိခင်ဖြစ်သူကိုပါ ဆက်တိုက်ဖမ်းဆီးခဲ့တာပါ။

အဲဒီအထဲက ကိုနိုင်မျိုးရွှေကတော့ ကျိတ်တောရွာမှာ ဖွက်ထားတဲ့ လက်နက်တွေလိုက်ပြခိုင်းပြီး မတွေ့တာ ကြောင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းမှာပဲ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူကိုနိုင်မျိုးရွှေရဲ့ ဇနီး မစုမာကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့သူတွေကိုတော့ ဒီနေ့အထိ မိသားစုဝင် တွေ ဆက်သွယ်လို့မရသေးဘူးလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုနဲ့ နီးစပ်သူက RFA ကို ပြောပါတယ်။

"ကိုနိုင်ရဲ့ဇနီး မစုမာကတော့ ပြန်ပြီးတော့ လွတ်လာတယ်။ ကျန်တဲ့သူတွေပေါ့နော် မောင်ထက်မြက်စိုးတို့၊ မောင်လှမျိုးကျော်တို့၊ နောက်မြို့ပေါ်က ကိုဝေယံတို့ပေါ့နော် သူတို့တွေကိုတော့ လောလောဆယ် လုံ;ဝ ဆက်သွယ်လို့မရဘူး ဖြစ်နေတယ်။ ဘယ်မှာထားလို့ ဘယ်မှာလဲဆိုတာလည်း မသိကြဘူး "

ဒေးဒရဲမြို့မှာ လက်နက်တွေနဲ့အတူ ဒေသခံခြောက်ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ နိုင်ငံရေး အကျဥ်းသားဟောင်း ကိုဝေယံဦးတို့သားအမိလည်း ပါဝင်တယ်လို့ ကိုဝေယံဦးရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ဖြေဆိုထားပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ အဆက်အသွယ်မရတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၄ ရက်နေ့အထိ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းကနေ ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့အထိ ဖမ်းဆီးခံရသူ ၂၆,၂၂၀ ဦးရှိလာပြီး သေဆုံးသူ ၄၆၄၀ ဦးအထိရှိပြီ ဖြစ်ပါတယ်။