ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမပေါ်မှာရှိတဲ့ Happy KTV မှာ နိုဝင်ဘာ ၁၂ ရက်၊ မနေ့မနက် အစော ၅ နာရီဝန်းကျင်က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ရဲ့ အုပ်ချုပ်ရေးအရာရှိတချို့နဲ့ အရပ်သားတချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA မြို့နယ်အုပ်ချုပ်ရေး အရာရှိ ခုနစ်ဦးနဲ့ အရပ်သားတွေအပါအဝင် စုစုပေါင်း ၁၆ ဦး နီးပါးကို စစ်ကောင်စီတပ် အင်အား ၃၀ ခန့်က လာရောက်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တပ်ကုန်းရပ်ကွက် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဖမ်းခံရချိန်က မနက် ၅ နာရီဆိုတော့ ဘယ်သူမှ မသိလိုက်ကြဘူး။ ခရိုင်တိုက်နယ်မှူး အပါအဝင် ဗိုလ်လောင်းတွေရော တခြားအရပ်သားတွေရော ပါသွားတာ။ သတင်း အတိအကျနဲ့ကို ဝင်ဖမ်းသွားတာပေါ့။ Happy KTV ဆိုတာက ကလပ်ပုံစံမျိုးပေါ့။ တံခါးပိတ်ပြီး တစ်ညလုံးအထဲမှာ ဆိုင်ဖွင့်ထားတာ"
ဖမ်းဆီးခံရသူတွေကို ဘယ်နေရာခေါ်ဆောင်သွားလဲဆိုတာကိုတော့ အတိအကျ မသိရ သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့အထဲမှာ KIA အုပ်ချုပ်ရေးအရာရှိ ဘယ်လောက်ပါဝင်သလဲ ဆိုတာကိုတော့ RFA အနေနဲ့ သီခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်ခဲ့ပေမယ့် နေ့လယ်ပိုင်းအထိ ဆက်သွယ်လို့ မရပါဘူး။
အခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ လိုင်စင်မဲ့ အိမ်စီးကားတွေကို ဖမ်းဆီးတာတွေ လုပ်နေသလို လုံခြုံရေးကိုပါ ပိုမိုတင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။