ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉၄ ဦး မတ်လ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။
အဲဒီအထဲမှာ အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၃၁ ဦးနဲ့ ကလေး ငါးဦး ပါဝင်ပြီး ကားတစ်စီးပေါ်မှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဖမ်းဆီးထားရသူတွေထဲက လူတချို့ကလည်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရဲ့ အလုပ်သမားရေးဌာနကိုဆက်သွယ်လာတာရှိတယ်လို့ တာဝန်ခံ ဦးမင်းဦးက RFA ကို ပြောပါတယ်။
"အဖမ်းခံရသူတွေအထဲမှာ အုပ်စုတွေတော့ ကွဲနေတာရှိတယ်။ အဲဒီအထဲက ၁၈ ယောက်အုပ်စုကတော့ ကျွန်တော်တို့ဆီကို ဆက်သွယ်လာတယ်။ အကူအညီတောင်းတယ်။ သူတို့က မလေးရှားကိုသွားကြဖို့ဆိုပြီး ပွဲစားကို ၃၆ သိန်းပေးလာရတယ်လို့ပြောတယ်"
အခုဖမ်းဆီးခံရသူတွေကို ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရုပ်သံမှတ်တမ်းတွေကိုလည်း ထိုင်းအခြေစိုက် သတင်းဌာနတွေက ကန်ချနာဘူရီ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ထုတ်ပြန်ထားပါတယ်။ ရုပ်သံထဲမှာတော့ အလုံပိတ် ကုန်တင်ယာဉ်ကားတစ်စီးထဲမှာ မြန်မာနိုင်ငံသား အများအပြားရှိပြီး ထိုင်းရဲတပ်ဖွဲ့က အဲဒီကုန်ကားကို စစ်ဆေးနေတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာပဲ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေများပြားလာပြီး ထိုင်းရဲတပ်ဖွဲ့ကလည်း စစ်ဆေးရေးတွေ တင်းတင်းကျပ်ကျပ် လုပ်လာနေတယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားအရေး အကူအညီပေးနေသူတွေက ပြောပါတယ်။