ဧရာဝတီတိုင်း၊ ပုသိမ်မြို့နဲ့ ကျုံပျော်မြို့က ဒေသခံခြောက်ဦး ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက် ကနေ အောက်တိုဘာလ ၃ ရက်နေ့အထိ လေးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီး တာ ခံထားရတယ်လို့ အဲဒီမြို့ခံတွေက RFA ကို အောက်တိုဘာ ၅ ရက် ဒီနေ့မှာ ပြောပါ တယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က ပုသိမ်မြို့၊ အမှတ် (၃) ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးနဲ့ အောက်တိုဘာ ၂ ရက်နေ့မှာ အမှတ် (၆) ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာတွေရေးသားခဲ့လို့ဆိုပြီး ဖမ်းသွားတာလို့ ပုသိမ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အမှတ် (၃) ရပ်ကွက် ကောင်လေးက သူ့ရဲ့ လူမှုကွန်ရက်မှာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ စာတင်လိုက်တာ။ သူ့ကို ဖမ်းပြီးတော့ သူလည်းတင်တဲ့အကြောင်းဝန်ခံတယ်။ နောက် အမှတ် (၆) ရပ်ကွက်က တစ်ယောက်ကျတော့ နိုင်ငံရေးပိုစ့်တစ်ခုကို သူ့ရဲ့ လူမှုကွန်ရက် မှာ မျှဝေလိုက်တာ။ နေအိမ်တွေမှာပဲ အဖမ်းခံလိုက်ရတယ်”
ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးကို ပုသိမ်မြို့မရဲစခန်းမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ- ၅၀၅ (က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သူက ဆက်ပြော ပါတယ်။
အလားတူ အောက်တိုဘာလ ၃ ရက်နေ့ နေ့လယ်က ကျုံပျော်မြို့နယ်နဲ့ ကျောင်းကုန်းမြို့ နယ်အစပ် သရက်ကုန်း ရွာက အသက် ၆၀ အရွယ် ဦးတိုက်မောင်းနဲ့ အိမ်ရှင်ဖြစ်သူကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ကျုံပျော်မြို့ခံတွေက ပြောပါတယ်။
ဦးတိုက်မောင်းနဲ့ အိမ်ရှင်အမျိုးသားဖမ်းဆီးခံရပြီး အောက်တိုဘာ ၃ ရက် ညပိုင်းမှာပဲ ကျုံပျော်မြို့မှာ နေထိုင်တဲ့ လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဦးတိုက်မောင်း အဖမ်းခံရပြီး ညပိုင်းမှာပဲ လူငယ်နှစ်ဦးကို ဦးတိုက်မောင်းနဲ့ ဆက်စပ် တယ်ဆိုပြီး ဖမ်းတာလို့ သိရတယ်။ ဦးတိုက်မောင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်တယ်။ စစ်တပ်က ဒေသ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်စပ်လို့ ဖမ်းတာ ဆိုပြီး စွပ်စွဲထားတယ်”
ဦးတိုက်မောင်းအပါအဝင် ဖမ်းဆီးခံရသူ လေးဦးစလုံးကို ဘယ်ကိုဖမ်းဆီးခေါ်ဆောင်သွား လဲဆိုတာ မသိရသေးသလို မိသားစုတွေနဲ့လည်း အဆက်အသွယ်မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ဒီဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်း လက်ခံဖြေဆိုတာ မရှိပါဘူး။
RFA က သီးသန့်ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပုသိမ်၊ မြောင်းမြ၊ အိမ်မဲနဲ့ ဟိုင်းကြီးကျွန်းတို့မှာ ဒေသခံ ၂၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီး လပေါင်း ၂၀ ကျော်အတွင်း တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံရသူ စုစုပေါင်း ၁၅,၇၅၇ ဦးရှိပြီး အဲဒီအထဲက ၃၁၇၁ ဦး ပြန်လည် လွတ်မြောက်လာပေမယ့် ၁၂,၅၆၃ ဦးကတော့ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။