စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ညောင်ပင်သာရွာကို အောက်တိုဘာလ ၂၄ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ရွာထဲမှာတွေ့တဲ့ ဒေသခံ ၄၅ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
မနေ့ ညနေပိုင်း အင်အားတစ်ရာလောက်ပါတဲ့ စစ်ကြောင်း ရွာထဲဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအရပ်သား လူငယ်တွေကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ညောင်ပင်သာရွာမှာ လူ ၄၅ ယောက်လောက် အဖမ်းခံရတယ်။ ဖုန်းတွေဘာတွေ အကုန်သိမ်းခံရတယ်။ ပစ္စည်းတွေယူတယ်၊ အိမ်တွေမွှေတယ်ပေါ့နော်။ အဲဒီနောက်ပိုင်း ဒီ ၄၅ ယောက်ကို ပြန်လွှတ်လိုက်သလား၊ မလွှတ်သေးဘူးလားတော့ မသိရသေးဘူး။ စစ်ကြောင်းက ညောင်ပင်သာမှာ ညအိပ်ပြီး ဒီနေ့မနက်မှာ နဂါးတွင်းရွာကို ဝင်မွှေနေပြီ"
လက်ရှိမှာ နဂါးတွင်းရွာကို ဝင်ရောက်စီးနင်းတာကြောင့် ဒေသခံအချို့ ထွက်ပြေးနေရ ပေမယ့် အဲဒီရွာရဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင် ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လုံခြုံရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေဖြစ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးထံ ဆက်သွယ်မေးမြန်းဖို့သာ ပြန်လည် ဖြေဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့ကလည်း မုံရွာမြို့နယ်ထဲက မုံရွေးနဲ့ ကြေးမုံရွာတွေကို စစ်ကောင်စီတပ်သားတွေ စီးနင်းဝင်ရောက်ချိန် ဒေသခံတစ်ရာကျော်ကို ဖမ်းဆီးခဲ့ပြီး စစ်ကြောင်းပြန်ထွက်ချိန်မှ အားလုံးနီးပါးကို လွှတ်ပေးခဲ့ပေမယ့် ၁၀ ဦးခန့်ကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။