အထည်စက်ရုံက ပစ္စည်းတွေယူလို့ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က မတ်လ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ဒေသခံ ၃၆ ဦးကို မတ်လ ၉ ရက်နေ့ မနေ့ညမှာ လူချင်းလဲတဲ့အနေနဲ့ ပြန်လွှတ်ပေးလိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။
ဒဏ်ကြေးပေးဆောင်စရာမလိုဘဲ ဒေသခံတွေနဲ့ (NUG) လက်အောက်ခံ ဆားလင်းကြီးမြို့နယ် တာဝန်ရှိသူတွေ မနေ့မှာပဲညှိနှိုင်းပြီး ပြန်လွှတ်ပေးလိုက်တာလို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့ မတ်လ ၈ ရက်နေ့မှာ လက်ပံကျွန်း၊ ဆားထုံးနဲ့ တောကျောင်းရွာတွေက ဒေသခံသုံးရာဝန်းကျင် လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
မတ်လ ၉ ရက်နေ့မှာတော့ ဆန္ဒပြသူတစ်ဦးကို မြို့နယ်တာဝန်ရှိသူတွေက ဆားထုံးရွာမှာသွားရောက်ဖမ်းဆီးချိန် ဒေသခံတွေကဝိုင်းထားခဲ့ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းခဲ့တာလို့ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) တာဝန်ရှိသူတစ်ဦးကတော့ လူချင်းလဲတဲ့အနေနဲ့ ပြန်လွှတ်ပေးလိုက်တာလို့ RFA ကိုပြောပါတယ်။
“သွားဖမ်းတဲ့သူတွေကို သူတို့ (ဒေသခံတွေ) ကဝိုင်းထားပြီးတော့ အဲဒီလူတွေလွှတ်ပေးမှ ပြန်လွှတ်ပေးမယ်ဆိုတဲ့ပုံစံမျိုး ပြောလို့ပြန်လွှတ်ပေးလိုက်တာ”
ဆန္ဒပြသူတစ်ဦးကိုသွားရောက်ဖမ်းဆီးချိန်မှာ NUG မြို့နယ်တာဝန်ရှိသူတွေနဲ့ ရဲဘော်စုစုပေါင်း ငါးဆယ်ခန့်ကို ဒေသခံတွေကဝိုင်းထားခဲ့တာလို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ အမှတ် (၆) အထည်စက်ရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားပြီးနောက် စက်ရုံဖောက်ထွင်းမှုတွေရှိလာတာကြောင့် လုံခြုံရေးယူထားရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ စက်ရုံက ပစ္စည်းတချို့ကို ဒေသခံတွေ သွားရောက်ယူတာကြောင့် NUG လက်အောက်ခံ ဆားလင်းကြီးမြို့နယ် အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေ ရှိလာခဲ့တာပါ။
အဲဒီစက်ရုံအထဲမှာ ကျပ်သိန်း ငါးဆယ်ခန့်တန်ဖိုးရှိတဲ့ ယက်ကန်းစင် ရှစ်ရာကျော်နဲ့ ချည်မျှင်စက်တွေရှိပြီး လက်ရှိမှာတော့ တော်တော်တော်များများ ပျက်စီးကုန်ပြီလို့ ပြောကြပါတယ်။