ကျောက်ဖြူမှာ ဒေသခံ ခုနစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်နဲ့ မလကျွန်းကျေးရွာမှာ စက်တင်ဘာ ၂၂ ရက် မနေ့က အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ် နှစ်ဦး အပါအဝင် ဒေသခံ ခုနစ်ဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ကျောက်ဖြူပေါ်က ကိုစိုးလင်းအောင်၊ ဦးမောင်တင်ရွှေ၊ ဦးရန်နိုင်မင်း၊ ဦးဦးလှကျော်နဲ့ မလကျွန်းကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်လှမြင့်ထွန်း၊ အသက် ၁၆ နှစ်အရွယ် မောင်သန်းစိန်နဲ့ နောက်ထပ် ဒေသခံ တစ်ဦး ဖြစ်ပါတယ်။ သူတို့ကို စစ်ကောင်စီတပ်သား ၁၀ ကျော်နဲ့ ဝိုင်းဝန်း ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"အဖမ်းခံရတာက သုံးနေရာမှာ အဖမ်းခံရတာ။ ပထမဆုံး ညဉ့် ၁၂ နာရီကျော်လောက် မှာ မလကျွန်းရွာက စာကြည့်တိုက်မှာ ဖမ်းတယ်။ အဲဒီမှာ ဦးရန်နိုင်မင်းနဲ့ အဲဒီရွာက လူငယ် နှစ်ယောက်၊ နောက်ထပ် ဒေသခံ တစ်ယောက်ပေါ့။ ပြီးတော့ မြို့ပေါ် ကိုစိုးလင်းအောင်ကို ဖမ်းတယ်။ ပြီးတော့ မနက် ၁၁ နာရီလောက်မှာ မြို့ပေါ်မှာပဲ ဦးဦးလှကျော်ကို ဖမ်းတယ်။ အားလုံး အဖမ်းခံရတာက ခုနစ်ယောက်ပေါ့"

ဖမ်းဆီးခံရသူတွေကို ကျောက်ဖြူမြို့ အခြေစိုက် ခလရ (၃၄) တပ်ရင်းမှာ ဖမ်းဆီးထားပြီး သတင်းအစအန မရသေးဘူးလို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ကျောက်ဖြူမြို့ပေါ်မှာ အရပ်ဝတ်တွေနဲ့ စစ်ကောင်စီတပ်သားတွေဟာ ULA/AA တပ်ဖွဲ့ဝင်တွေ၊ ကူညီဆောင်ရွက်ပေးနေသူတွေနဲ့ လူမှုရေးတက်ကြွလှုပ်ရှားတဲ့ လူငယ်တွေကို လိုက်လံရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဒေသခံတွေဟာလည်း စိုးရိမ်ကြောက်လန့်နေကြရပြီး သံသယနဲ့ဖမ်းဆီးခံရမှာကို စိုးရိမ်တဲ့အတွက် ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

အခုဖမ်းဆီးခံရတဲ့အထဲမှာ ရက္ခိုင့်တပ်တော် (AA)နဲ့ ဆက်စပ်သူတချို့လည်း ပါဝင်သလို သာမာန်အရပ်သားတွေလည်း ပါတယ်လို့ ဒေသခံတချို့က ပြောဆိုပေမယ့် အသေးစိတ်ကို မသိရသေးပါဘူး။

ဒေသခံ ခုနစ်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ကျောက်ဖြူမြို့မ ရဲစခန်းကို RFA က မေးမြန်ဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ အရပ်သားတွေကို ဖမ်းဆီးတာ မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောဆိုထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) ကတော့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ် တွေမှာ ULA/ AA တပ်ဖွဲ့ဝင် တချို့ကို ဖမ်းဆီးတာ၊ နေအိမ်တွေမှာ လိုက်လံရှာဖွေနေတာ၊ ပြည်သူတွေကို ULA/AA အဖွဲ့ဝင်တွေလို့ ခေါင်းစဉ်တပ်ပြီး မတရား ဖမ်းဆီးနှိပ်စက်တာတွေ အရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်ဆောင်လာတယ်လို့ စက်တင်ဘာ ၁၉ ရက်နေ့ က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်ကာလအတွင်းမှာတင် ULA/AA တပ်ဖွဲ့ဝင်တွေဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက မတရား ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူ ၁၃ ဦးထက်မနည်း ရှိတယ်လို့ လည်း AA က ပြောဆိုထားပါတယ်။