ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နမ့်မော်ရွာမှာ မတ်လ ၃ ရက်နေ့က မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည်ကို ထုရိုက်မိရာကနေ ပေါက်ကွဲပြီး ဒေသခံတစ်ဦးသေဆုံးခဲ့သလို နောက်ထပ်နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မပေါက်ကွဲဘဲ ကျန်နေတဲ့ ၆၀ မမ လက်နက်ကြီးကျည်တစ်ခုကို လူလတ်ပိုင်း ရေမဆေးသမား (ကျောက်စိမ်းရှာဖွေသူ) သုံးဦးက ကောက်ယူပြီး ကျည်ခွံဖြုတ်ယူဖို့ ထုရိုက်ရာကနေ ပေါက်ကွဲခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မပေါက်ဘဲ ကျန်နေတဲ့ဟာကို အဲလူ သုံးယောက်က ကောက်လာတာ။ ကျည်ခွံလိုချင်လို့ဆိုပြီး သုံးယောက်သား ကျောက်ခဲနဲ့ ထုရိုက်နေရင်း ထကွဲတာပဲ”
လက်နက်ကြီးကျည် ပေါက်ကွဲတာကြောင့် အသက် ၃၇ နှစ်အရွယ် ဦးထွန်းအေးကျော် သေဆုံးခဲ့တာဖြစ်ပြီး နောက်ထပ် ဒဏ်ရာခဲ့တဲ့ အမျိုးသားနှစ်ဦးကတော့ ဖားကန့်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သူက ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလအစောပိုင်းကစပြီး ဖားကန့်မြို့နယ် ဝှေခါ ဗျူဟာကုန်းစခန်းနဲ့ နန့်တိန် ဗျူဟာကုန်းစခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA တိုက်ခိုက်သိမ်းယူပြီးနောက် ဖားကန့်မှာ နှစ်ဘက်တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၃ ရက် တစ်ရက်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ခိုဖိတ်ရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ဆော့ကစားမိလို့ ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် ကလေးတစ်ဦး ဒဏ်ရာရသွားတယ်လို့ နမ္မတူမြို့ခံတွေက ပြောပါတယ်။