ဆောမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးနဲ့ CDM ကျောင်းဆရာမတစ်ဦး သေဆုံး

မကွေးတိုင်း ဆောမြို့နယ်မြောက်ပိုင်း ကျောက်ထုမြို့နားက ကြန်တောရွာကို မတ်လ ၇ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ၆ နှစ်အရွယ် ကလေးတစ်ဦးနဲ့ CDM ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူတွေက ၆ နှစ်အရွယ် KG ကျောင်းသား မောင်အာကာဘုန်းခန့်နဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်သူ CDM ကျောင်းဆရာမ အသက် ၃၆ နှစ်အရွယ် မဝင်းဝင်းခိုင်ဖြစ်တယ်လို့ ပြောပါတယ်။

ကျောက်ထုမြို့ အမြောက်တပ်ကနေ သုံးမိုင်ခန့်ဝေးတဲ့ ကြန်တောရွာကို လက်နက်ကြီးနဲ့ ၁၁ ချက် ပစ်ခတ်ခဲ့တာမှာ ရပ်ရွာတွေထဲကို ကျရောက်ပေါက်ကွဲတာလို့လည်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ကျောက်ထုအမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ၁၁ လုံးလောက် ထုတာဗျ။ ၆ နှစ်အရွယ် ကျောင်းသားလေးတစ်ယောက် သူက အိမ်မှာဗုံးခိုရင်းနဲ့ အုတ်နံရံကိုဖောက်ပြီး လက်နက်ကြီးထိသွားတာ၊ အဲဒီနေရာမှာတင်ပဲ ဆုံးသွားတယ်ဗျာ။ အမျိုးသမီးတစ်ယောက်ကတော့ ရေချိုးဆိပ်မှာ ရေချိုးရင်းနဲ့ လက်နက်ကြီးကျလို့ ညနေ သုံးနာရီလောက် ဆုံးသွားတော့တာဗျ”

ဒီလက်နက်ကြီး အမျိုးအစားကတော့ အရင်ကပစ်ခတ်ဖူးတဲ့ လက်နက်ကြီး အမျိုးအစားမဟုတ်ဘဲ နှစ်ဆင့်ပေါက်ကွဲတဲ့ လက်နက်ကြီးတွေလို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဆောမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အမြောက်တပ်ကနေ ရပ်ရွာတွေဘက်ကို မကြာခဏဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်တ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာတော့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကြန်တောရွာအပါအဝင် ကံကြီးရွာ၊ ပြင်လယ်ရွာ စတဲ့ ရွာသုံးရွာက လူနှစ်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။