ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကြမ်းတိုက်ကျေးရွာမှာ အောက်တိုဘာလ ၅ ရက် မနေ့ညက နေအိမ်ထဲကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ဘေးဒုက္ခသည်တစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
အသက် ၄၈ နှစ်အရွယ် ဒေါ်စိန်အေးနုဟာ သူရဲ့ မိသားစုနဲ့အတူ အိမ်ထဲမှာ ရှိနေစဉ် လက်နက်ကြီးကျည်စကျလို့ လက်၊ နောက်ကျောနဲ့ လည်ပင်းမှာ ဒဏ်ရာရသွားခဲ့တာပါ။
သူဟာ မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာကဖြစ်ပြီး ပြီးခဲ့တဲ့လက ရွာအနီးမှာ တိုက်ပွဲ ဖြစ်တာကြောင့် အဲဒီ ကြမ်းတိုက်ရွာမှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦး ဖြစ်ပါတယ်။
လက်ရှိမှာတော့ မင်းပြားဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့ည ၉ နာရီလောက်မှာ သူတို့နေအိမ်နား လက်နက်ကြီးတစ်လုံး ကျတယ်။ သူက သူရဲ့ကလေးတွေနဲ့ တူတူနေနေတာ။ ကျည်စက သူ့ကိုထိမှန်သွားတာပေါ့။ ဒဏ်ရာကတော့ သေလောက်တဲ့ ဒဏ်ရာမျိုးတော့ မဟုတ်ဘူး။ ဒီကနေ့ မနက်ကပဲ သူကို မင်းပြားဆေးရုံကို ပို့လိုက်ပြီ"
အဲဒီလက်နက်ကြီးဟာ ကြမ်းတိုက်ရွာရဲ့ အရှေ့ဘက် လေးမိုင်ခန့်အကွာ ငစိုင်ရိုင်းချောင်း မင်းရွာနားက တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ ပစ်ခတ်တာလို့လည်း ဆိုပါတယ်။
အလားတူပဲ ကျောက်တော်မြို့နယ်မှာလည်း မနေ့ညဉ့်အချိန်က စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တဲ့ လက်နက်ကြီးကျည် ရွာထဲကို ကျရောက်ပေါက်ကွဲတာကြောင့် ခေါင်းတုတ်ကျေးရွာမှာ နေအိမ်သုံးလုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ကျေးရွာသားတွေ ထိခိုက်ဒဏ်ရာရတာမရှိပေမယ့် စိုးရိမ်ကြောက်လန့်တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။
အခုလို ကျေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကိုလည်း RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာတာပါ။ တိုက်ပွဲတွေ ပြင်းထန် လာတာနဲ့အမျှ အရပ်သားတွေ ထိခိုက်သေဆုံးတွေကဟာလည်း နေ့စဉ်နဲ့အမျှ တိုးလာ နေပါတယ်။
RFA ကသီးခြားပြုစုထားတဲ့ စာရင်းအရ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၁ ဦးအထိ ရှိနေပါတယ်။