ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဟင်းသာရွာကို လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲပြီး အရပ်သားနှစ်ဦးသေဆုံးကာ နောက်ထပ် ငါးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟင်းသာရွာမှာ ဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာကို မတ်လ ၂၁ ရက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ နဲ့ ၆၀ အရွယ် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“နှစ်လုံးပေါ့။ နေအိမ်နှစ်အိမ် တည့်တည့်ကိုကျတာ။ နှစ်ဦး ပွဲချင်းပြီးဆုံးတာပေါ့။ ကျန်တဲ့သူတွေကိုတော့ ဆေးရုံကိုပို့ထားတယ်။ မနေ့ကတော့ တစ်ယောက် ခွဲစိပ်ကုသမှု ခံယူရတယ်လို့ ကြားတယ်။ ဒဏ်ရာရသူတွေရဲ့ အသေးစိတ်တော့ မသိရသေးဘူး”
ဒီပေါက်ကွဲမှုကြောင့် အမျိုးသမီးသုံးဦးနဲ့ အမျိုးသားနှစ်ဦး စုစုပေါင်း ငါးဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးထိခိုက်သူတွေဟာ မင်းဂျမ်းရွာကနေ ဟင်းသာရွာကို တိမ်းရှောင်လာသူတွေဖြစ်ပါတယ်။
ထိခိုက်သေဆုံးသူတွေရဲ့ နာမည် အပါအဝင် အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။
လက်နက်ကြီးကျည်တွေကို ဗန်းမော်မြို့ပေါ် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့ ဟင်းသာရွာဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သိမ်းယူထားတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၃၇ အခြေစိုက်တဲ့ ဒါဆိုင်းတပ်စခန်းရဲ့ အနောက်ဘက် နှစ်မိုင်အကွာမှာရှိပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ကချင်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFAက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
RFA ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁,၄၂၉ ဦးသေဆုံးပြီး ၂,၆၄၁ဦး ဒဏ်ရာရရှိခဲ့ပါတယ်။